CNI Article 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက-SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးအပ်သွား မည်ဖြစ်ကြောင်း မကြာခဏ ပြောကြားလျက်ရှိသည်။

သို့သော် နစကသည် ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲမှာ အထွေထွေရွေးကောက်ပွဲလား သို့မဟုတ် ကြားဖြတ် ရွေးကောက်ပွဲလား ဆိုသည့် အခြေအနေကိုတော့ တိတိကျကျ ယတိပြတ် ပြောကြားခြင်း မရှိသေးပေ။

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်း အငြင်းပွားမှုအား မစစ်ဆေးဘဲ နိုင်ငံတော်အာဏာကို ရအောင်ကြိုးပမ်းသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရအား ဖြုတ်ချခဲ့သည့်တိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ်သွားပြီးလား မပျက်ပြယ်သေးဘူးလားဆိုသည့် အပေါ်မှာလည်း တိတိကျကျ ယတိပြတ် ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပေ။

ထို့ကြောင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောနေသည့် ရွေးကောက်ပွဲ အသစ်သည် အထွေထွေ ရွေးကောက်ပွဲလား၊ ကြားဖြတ်ရွေးကောက်ပွဲလား မည်ကဲ့သို့သော် ရွေးကောက်ပွဲမျိုးကို ကျင်းပမှာလဲ စဉ်းစား စရာ(မေးခွန်းထုတ်စရာ)ဖြစ်နေသည်။

လတ်တလောမှာတော့ ရွေးကောက်ပွဲကို မည်သည့် အချိန်ကာလမှာ ကျင်းပသွားမည်ဟု နစကဘက်က မပြော သေးဘဲ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေသန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်းနှင့် လူဦးရေ သန်းခေါင် စာရင်း ကောက်ယူပြီးမှ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောထားသည့်အတွက် နစက၏ ရွေးကောက်ပွဲ သည် ၂၀၂၅ သို့မဟုတ် ၂၀၂၆ လောက်မှ ကျင်းပလာနိုင်ခြေရှိသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က NLD အစိုးရကို ဖြုတ်ချပြီးနောက် တပ်မတော်က လုံခြုံရေးယူထားစဉ်

မည်သို့ပင်ဆိုစေကာမူ နစကသည် ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေး ထွက်ပေါက်ကို ရှာဖွေမည်ဖြစ်သည်။ 

သို့သော် တခြားတစ်ဖက်တွင် မြန်မာနိုင်ငံ အနှံ့အပြားမှာ လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်စွာ ဖြစ်ပွားနေ သလို နစကသည် နယ်မြေလက်လွတ် ဆုံးရှုံးထားမှုများကလည်း ပိုမိုများပြားလာနေသည်။

ထို့ကြောင့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများ ကျင်းပခဲ့ပြီးသည့် မဲဆန္ဒနယ်များထက် နစက လက်ထပ် ကျင်းပမည့် ရွေးကောက်ပွဲမဲဆန္ဒနယ်များက ပိုမို လျှော့နည်းလာနိုင်ပါသည်။

ထိုအခြေအနေမျိုးတွင် နစကသည် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်လား သို့မဟုတ် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပမည်လား စဉ်းစားစရာရှိလာသည်။ အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဆိုလျှင် တော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်က အလိုလို ပျက်ပြယ်ပြီးသားဖြစ်မည်ဟု ယူဆ၍ ရနိုင်ပါသည်။

ထိုကဲ့သို့မဟုတ်ဘဲ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပလာမည်ဆိုပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် ကို နစကသည် ဖျက်သိမ်းထားခြင်းမရှိဘဲ ခဏဆိုင်းငံ့ထားခြင်းဖြစ်သည်ဟု ယူဆနိုင်ပြီး ကြားဖြတ်ရွေးကောက် ပွဲမှာ အနိုင်ရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် စုပေါင်း၍ လွှတ်တော်ကို ကျင်းပလာခြင်းနှင့် ရွေးကောက် ခံ နိုင်ငံရေးပါတီ အစိုးရတစ်ရပ် ဖွဲ့စည်းခြင်းများ ပြုလုပ်လာနိုင်ပါသည်။

နိုင်ငံရေးပါတီများနှင့် UEC တွေ့ဆုံပြီး မဲပေးစနစ်ကို ရှင်းပြနေစဉ်

ထိုအခြေအနေတွင် အငြင်းပွားစရာ တချို့ရှိလာနိုင်ပါသည်။ ထိုအငြင်းပွားစရာများက လူထုက လက်ခံခြင်း/ လက်မခံခြင်း အပါအဝင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် မဖျက်သိမ်းဘူးဆိုပါက အနိုင်ရထားသော NLD လွှတ်တော်အမတ်များကို ပြန်လည်အ သိအမှတ်ပြုရမည် မဟုတ်ဘူးလား ဆိုသော အချက်များဖြစ်ပါ သည်။

သို့သော် နစက-က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့၌ ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်သည့်ဥပဒေဖြင့် ပြန်လည် ချိန်ထိုးကြည့်ရမည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်က ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂ (ဆ) ကြား ဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားရခြင်းကြောင့်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေ နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်းခံရခြင်းကြောင့်ဖြစ်စေ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ်ကျင်းပသည့် ရွေး ကောက်ပွဲကိုဆိုသည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂ (ဆ) ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေ နှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်းခံရခြင်းကြောင့် လစ်လပ် လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအားလျော်စွာ ကော်မရှင်က သတ်မှတ် ကျင်းပသည့် ရွေးကောက်ပွဲ ကို ဆိုသည်ဟု ပြဋ္ဌာန်းခဲ့သည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်

ထူးခြားသည်မှာ လွှတ်တော်ပုံမှန်သက်တမ်း တစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု၌ ရွေးကောက်ပွဲ ရွှေ့ဆိုင်း ထားရခြင်းကြောင့်ဖြစ်စေ ဆိုသော အချက်ကို ဖြုတ်လိုက်ခြင်းဖြစ်သည်။ 

ထိုသို့ဆိုလျှင် နစကသည် လာမည့် ရွေးကောက်ပွဲကို အထွေထွေရွေးကောက်ပွဲအဖြစ် မကျင်းပတော့ဘဲ ကြားဖြတ်ရွေးကောက်ပွဲအဖြစ်သာ ကျင်းပပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်က အနိုင်ရထားသူ များဖြင့် ပေါင်းစည်းကာ လွှတ်တော်၏ ထက်ဝက်ကျော်သော ကိုယ်စားလှယ်ဖြစ် လွှတ်တော်ကျင်းပနိုင်သည့် အချက်ကို ကျော်လွှားသွားနိုင်သလား။

ထိုအခင်းအကျင်း ပုံစံမျိုးဆိုပါက ၂၀၂၀ အထွေထွေရွေးကောက်ရလဒ်ကို နိုင်ငံတကာက အသိအမှတ်ပြုပေး ရမည်ဟု တောင်းဆိုထားသည့် အချက်ကိုလည်း လက်ခံ သဘောတူပြီးသားဖြစ်မည်။ 

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားသော စစ်တပ်ကို မကြိုက်၍ မပူးပေါင်းလိုသော နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ကို မဖြစ်မနေ တက်ရောက်ပြီး နိုင်ငံရေးကို ဆက်လျှောက်ရတော့ မည်ဖြစ်သည်။

NLD က အနိုင်ရထားသည့်အတွက် NLD အစိုးရဖွဲ့ရမှာလားဆိုသည့် အချက်ကတော့ နည်းနည်း ရှုပ်ထွေးနိုင်ပါ သည်။ 

အဘယ်ကြောင့်ဆိုသော လက်ရှိ မြန်မာ့နိုင်ငံရေး ပဋိပက္ခတွင် NLD အမတ်အများစုသည် လက်နက်ကိုင် နည်းလမ်းကို ရွေးချယ်ထားကြသလို NUG ထဲမှာလည်း ပါဝင်လျက်ရှိနေခြင်းကြောင့် ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ်သိမ်းခံရခြင်းများ ဖြစ်လာနိုင်သည်။

တချို့ကလည်း ကွယ်လွန်သွားကြသလို စစ်တပ်နှင့်မပူးပေါင်းလိုခြင်းကြောင့် မိမိသဘောဆန္ဒအလျောက် နုတ် ထွက်ကြမည်ဖြစ်၍ NLD ကိုယ်စားလှယ် အနိုင်ရထားသော မဲဆန္ဒနယ်မှာ ဒုတိယမဲအများဆုံးဖြစ် ရပ်တည်နေ သူကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က အနိုင်ရကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပေးလာ နိုင်သည်။

အဆိုပါ အခင်းအကျင်း အတိုင်းဆိုလျှင် နစက၏ လာမည့် ရွေးကောက်ပွဲသည် အထွေထွေထက် ကြားဖြတ်ရွေး ကောက်ပွဲလောက်သာ ကျင်းပလာနိုင်သည်။ 

ရွေးကောက်ပွဲ မဲရလဒ်ကို ကြေညာနေစဉ်

ထို့နောက် ရွေးကောက်ခံ အစိုးရတစ်ရပ်နှင့် လွှတ်တော် အခင်းအကျင်းပေါ်လာပြီး အတိုက်အခံ တချို့လည်း လွှတ်တော်အတွင်းသို့ ရောက်ရှိလာမည် ဖြစ်သည်။

ထိုအခြေအနေအတိုင်း ဖြစ်တည်လာပါက ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ စသည့် အာဏာ ၃ ရပ်ကို လူတစ်ဦးတည်းက ကိုင်တွယ်ထားသော အခြေအနေကို ကျော်လွှားနိုင်ပြီး အာဏာ ၃ ရပ်ကို ဖြန့်ခွဲလိုက်နိုင်မည် ဖြစ်သည်။

ထိုသို့ အာဏာ ၃ ရပ်ကို အခန်းကဏ္ဍ တစ်ခုစီ ခွဲခြားထားနိုင်သည့်အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် တပ်မတော်မှာဘဲ ဆက်နေမလား သို့မဟုတ် အစိုးရတာဝန်ကိုပဲ ယူမလား ကိုယ်တိုင်ရွေးချယ်ရတော့ မည်။

မည်သို့ပင်ဆိုစေကာမူ လွှတ်တော်၊ အစိုးရနှင့် တပ်မတော်ဆိုသော အင်စတီးကျူးရှင်းများ သီးခြားစီဖြစ်တည် နေရန်လိုအပ်သည်။ သို့မဟုတ်ဘဲ လူတစ်ဦးတည်း၏ လက်ထဲမှာပဲ အာဏာ ၃ ရပ်ကို ထားထားရမည်ဆိုပါက တိုင်းပြည်သည် တိုးတက်လာနိုင်ခြေထက် ပိုမိုဆုတ်ယုတ်လာနိုင်ခြေက များသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြင်ဆင်သည့်ဥပဒေသည် နစက၏ နိုင်ငံရေး မဟာဗျူဟာ တစ်ရပ်လား၊ တိုင်းပြည်နှင့်ပြည်သူလူထုအတွက် ထွက်ပေါက်တစ်ခုလား ဆိုသည်ကိုတော့ စောင့်ကြည့်ရပေ တော့မည်။