CNI Sport Article 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၇

ယူရို ၂၀၂၄ ပြိုင်ပွဲ၊ ကိုပါအမေရိကဖလား ပြိုင်ပွဲတွေရဲ့ ဇာတ်ရှိန်အမြင့်ဆုံး အချိန်ကို ရောက်ရှိနေချိန်မှာ ကလပ် အသင်းတွေကလည်း ရာသီသစ်အတွက် ပြင်ဆင်မှုတွေကို စတင် လုပ်ဆောင်လာကြပြီ ဖြစ်ပါတယ်။ 

ကလပ်အသင်းတွေဟာ ရာသီသစ် မတိုင်ခင် ကစားသမားအသစ်တွေ ဝယ်ယူဖို့ ပြင်ဆင်နေကြသလို အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့လည်း စီစဉ်လာခဲ့ပါတယ်။ 

ရာသီသစ်မတိုင်ခင် အပြောင်းအရွှေ့တွေ လုပ်ဆောင်တိုင်း ကစားသမား အများအပြားနဲ့ သတင်းတွေ ထွက်လေ့ရှိ တဲ့ ယူနိုက်တက်အသင်းဟာ အခုအချိန်မှာလည်း ကစားသမားအချို့နဲ့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၈ ရခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ယူနိုက်တက် အသင်းဟာ အပြောင်းအရွှေ့တွေ စတင်မလုပ်ဆောင်ခင် အသင်းရဲ့ စီမံခန့်ခွဲမှုအပိုင်းကို စပြီးပြင်ဆင်ခဲ့တာပါ။ 

ယူနိုက်တက် နည်းပြနဲ့ ကစားသမားတွေကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS ဟာ အသင်းအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှု အပိုင်းတွေအတွက် အမှုဆောင်အရာရှိချုပ်အဖြစ် မန်စီးတီးအသင်းက ဘာရာဒါ၊ အားကစားဒါရိုက်တာ အဖြစ် နယူးကာဆယ်အသင်းက ဒန်အက်ရှ်ဝေ့ါနဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောက်သမ်တန်အသင်းက ဝီလ်ကော့စ်တို့ အပါအဝင် အခြားရာထူးတွေ အတွက်လည်း ခန့်အပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ထုတ်ပယ်မယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ နည်းပြ အဲရစ်တန် ဟတ်ကိုလည်း ၂၀၂၆ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမယ့် စာချုပ်သက်တမ်း တိုးသွားခဲ့တာပါ။ 

INEOS ဟာ အသင်းအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို အားဖြည့်ခဲ့သလို အသင်းအတွက် လိုအပ်တဲ့ ကစားသမားသစ်တွေကို ခေါ်ယူပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ ငြိနိုင်တဲ့ အချက်တွေလည်း ရှိတဲ့အတွက် ပြီးခဲ့တဲ့ ရာသီကလို ကစားသမား အများအပြားကို ပြောင်းရွှေ့ကြေး အများအပြားနဲ့ ခေါ်ယူနိုင်ဖို့တော့ မရှိပါဘူး။

ဒါပေမယ့် အသင်းအောင်မြင်မှု ရဖို့အတွက် နည်းပြ အဲရစ်တန်ဟတ်လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင် ဖို့ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကိုလည်း ရောင်းချရမှာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အားကစားဒါရိုက်တာအသစ် ဒန်အက်ရှ်ဝေါ့ဟာ အသင်းမှာရှိနေတဲ့ ကစားသမားအချို့ကို ရောင်းချပြီး အသင်းအတွက်လိုအပ်တဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ် ထုတ်ပေးနိုင်ဖို့ ရည်မှန်းထားတာပါ။ 

ဒန်အက်ရှ်ဝေါ့ ရောင်းချဖို့ စာရင်းပြုစုထားတဲ့ ကစားသမား ၇ ဦးကို ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

သူတို့တွေကတော့ ပြီးခဲ့တဲ့ရာသီက ဒေါ့မွန်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ဆန်ချို၊ ဂီတာဖေးအသင်း မှာ အငှားကစားခဲ့တဲ့ ဂရင်းဝုဒ်၊ အန်တိုနီ၊ လင်ဒီလောဖ့်၊ ကတ်စမဲရိုး၊ အဲရစ်ဆင်နဲ့ မက်ဂွဲယားတို့ ဖြစ်ပါတယ်။ 

ယူနိုက်တက် ရောင်းချမယ့် ကစားသမားစာရင်းကိုတွေ့ရစဉ်

ဒန်အက်ရှ်ဝေါ့ဟာ ဒီကစားသမားတွေကို ရောင်းချမှုကနေ ပေါင်သန်း ၂၀၀ အထိ ရရှိနိုင်မယ်လို့ မျှော်လင့်ထားပြီး ဒီပမာဏသာရခဲ့ရင် ယူနိုက်တက်အသင်းရဲ့ ကစားသမား ဝယ်ယူမှုအပိုင်းမှာ အများကြီး သက်ရောက်မှုတွေ ရှိနိုင် တာပါ။ 

ဒါအပြင် နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိခဲ့တဲ့ အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ကိုလည်း ရောင်းချဖို့ လမ်းဖွင့်ထားပြီး ပေါင်သန်း ၆၀ လောက်ရရှိရင် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီသစ်အတွက် အဓိကဖြည့်တင်းမှုတွေအဖြစ် ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ် ကစားသမားနဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ စီစဉ်ထားတာပါ။ 

မန်ချက်စတာကလပ်ဟာ ခံစစ်ပိုင်းအတွက် အဲဗာတန်အသင်းက ဘရန်ဝိတ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒီလစ် တို့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ဘရန်ဝိတ်ရဲ့ ပြောင်းရွှေ့ကြေးက များပြားတဲ့အတွက် ဒီအပြောင်းအရွှေ့ကို စဉ်းစားနေတာ ဖြစ်ပါတယ်။ 

ကတ်စမဲရိုး ထွက်ခွာမယ့် ကွင်းလယ်ခံစစ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းက အူဂါတီကို ခေါ်ယူဖို့ ပစ်မှတ်ထား နေတာပါ။ 

ဟော့ဂျ်လန်း တစ်ဦးတည်းနဲ့ မလုံလောက်တဲ့ တိုက်စစ်ပိုင်းအတွက် ယူနိုက်တက်အသင်းဟာ ဘိုလော့ဂ်နာအသင်း တိုက်စစ်မှူး ဇာခ့်ဇီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီကစားသမားတွေဟာ နိုင်ငံအသင်းတွေနဲ့ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေတာကြောင့် ယူနိုက်တက်အသင်းဟာ ဒီပြိုင်ပွဲ တွေအပြီးမှ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ လုပ်ဆောင်ရမှာပါ။ 

ယူနိုက်တက်အသင်းဟာ နောက်ထပ် ကစားသမားအချို့ကိုလည်း ပစ်မှတ်ထားနေပေမယ့် လက်ရှိအချိန်မှာတော့ ဒီလစ်၊ ဘရန်ဝိတ်၊ အူဂါတီနဲ့ ဇာ့ခ်ဇီတို့ဟာ အဓိကပစ်မှတ်အဖြ စ်ရှိနေပါတယ်။ 

 ယူနိုက်တက် ရောင်းချဖို့စဉ်းစားထားတဲ့ ကစားသမားတွေကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းရဲ့ စီမံခန့်ခွဲမှုအဖွဲ့ကတော့ ဒီကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေသလို အရောင်း စာရင်းမှာ ပါဝင်နေတဲ့ ကစားသမားအချို့ကိုလည်း အမြန်ဆုံး ရောင်းချနိုင်ဖို့ လုပ်ဆောင်နေတာပါ။

ဒါမှလည်း ကစားသမားသစ်တွေ ခေါ်ယူတဲ့အချိန်မှာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှုနဲ့ မကြုံတွေ့ရမှာ ဖြစ်ပါ တယ်။

ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ အစုရှယ်ယာကို ဝယ်ယူပြီးကတည်းက အရင်လို အောင်မြင်မှု တွေပြန်ပြီး ရရှိနိုင်အောင် အသင်းကို ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး တည်ဆောက်ချင်နေတာပါ။ 

နည်းပြ အဲရစ်တန်ဟတ်ကလည်း ကိုင်တွယ်ပြီးတဲ့ ၂ ရာသီမှာ ယူနိုက်တက်အသင်းကို ဆုဖလား ၂ လုံး ရယူပေး ထားနိုင်ပေမယ့် လာမယ့်ရာသီမှာ အောင်မြင်မှုတွေပိုပြီး ရယူချင်နေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း အဲရစ်တန်ဟတ်ဟာ လာမယ့် ရာသီမတိုင်ခင် သူ့ရဲ့နည်းပြအဖွဲ့ဝင်အချို့ကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာပါ။ 

ရာသီသစ်မတိုင်ခင် ယူနိုက်တက်အသင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေဟာ အသင်း အောင်မြင်မှုတွေပြန်ပြီး ရရှိဖို့ ဘယ်လောက်အထိ အထောက်အကူ ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။