- By CNI
- Category: နိုင်ငံရေး
- Hits: 1188
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၁၀
နစက-က ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောထားသော်လည်း ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့ပါက မည်သည့် အခင်းအကျင်း ဖြစ်ပေါ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား ဆွေးနွေး လျက်ရှိနေသည်။
၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲအပ်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
တခြား တစ်ဖက်မှာတော့ လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိပက္ခကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ နည်းကြောင်း၊ ရွေးကောက်ပွဲကို ရွေ့ဆိုင်းနိုင်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းကြားတွင် ဝေဖန်သုံး သပ်မှုများ ရှိနေသည်။
နစက ကျင်းပမည့် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါက နစက အနေဖြင့် အာဏာကို ဆက်ယူသွားမှာဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါက်တာအေးမောင်က “ထိထိမိမိ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနိုင်တဲ့ လုံခြုံမှု၊ အေးချမ်းမှုပေါ့ဗျာ၊ ထိထိမိမိ လိုတဲ့ ၆၅ မြို့နယ်ဆိုတဲ့ စာရင်းမှာ ကျန်တဲ့ မြို့နယ် ၂၀ ကျော်က ရှိသေးတယ်ဗျ၊ အဲဒီအပေါ်မှာ ကြည့်ပြီးမှ တကယ်လို့ ထိထိမိမိ သူတို့ဆောင်ရွက်တဲ့ကာလ ဘယ်လောက်ကြာမှာလဲ၊ ရွေးကောက်ပွဲမဖြစ်ဘူး။ ရွေးကောက် ပွဲကို လုပ်လို့ရနိုင်ခြေ မရှိဘူးဆိုရင် ထပ်ပြီးတော့ ၄၂၅ အရ ၆ လထပ်ယူဦးမှာလား။ ၆ လယူပြီးနောက် ၆ လယူတဲ့ ၁ နှစ်တာ ကာလကို ဖြတ်သန်းတဲ့အခါမှာ ရွေးကောက်ပွဲ လုပ်လို့ ဖြစ်နိုင်တဲ့ အနေအထား မရှိဘူးဆိုရင် အခြေခံ ဥပဒေအရ ဘာလာမှာလဲ ၄၁၀ ကို ပြန်သုံးပြီးမှ ၄၁၇ အရ နောက်တစ်နှစ် ပေးဦးမှာလား၊ ဒါက ဘာဖြစ်လာမလဲ ဆိုတဲ့ ခင်ဗျားတို့ မေးခွန်းကို အခြေခံဥပဒေအရ ဒါမျိုး ဒါမျိုးတွေ သွားနိုင်တယ်၊ သွားဦးမယ်၊ အဲဒီလို သွားအောင် ရွေးကောက်ပွဲကို မဖြစ်အောင် လုပ်ကြမှာလား၊ ရွေးကောက်ပွဲကို မြန်မြန်ဖြစ်အောင် ကူညီကြမှာလားဆိုတာ မေးခွန်းက အဖြေပေါ်လာပြီးသားလေ၊ အဲဒီအဖြေကို ကြိုက်မကြိုက်ပဲ ဆိုင်မယ်ထင်တယ်၊ အာဆီယံကြိုက်လား၊ မကြိုက်လား အာဆီယံနဲ့ ဆိုင်မယ်ထင်တယ်၊ လူထုကြိုက်လား၊ မကြိုက်လား လူထုနဲ့ ဆိုင်တယ်၊ SAC ကြိုက် လား၊ မကြိုက်လား SAC နဲ့ ဆိုင်တယ်၊ တကယ်လို့ ရွေးကောက်ပွဲ မဖြစ်ရင် SAC သည် ဆက်သွားဦးမှာပဲ၊ ဒီအတိုင်း သွားမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေး တောင်းဆိုနေကြစဉ်
ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ် ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဟု မှတ်ယူကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင် ပြန်တင်လာကြောင်း သိရသည်။
နစက အနေဖြင့် ၎င်းတို့ ကတိပေးထားသည့်အတိုင်း ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စိုင်းအိုက်ပေါင်းက “ခင်ဗျားတို့ Negative ဖက် မတွေးနဲ့လေ၊ positive ဖက်တွေးစမ်းပါ၊ မဖြစ်နိုင်တဲ့ ဖက်ကိုပဲ တွေးနေတာကိုး ခင်ဗျားတို့ မီဒီယာတွေက ခက်တာပဲဗျ အဲဒါ၊ ဖြစ်မယ်လို့ သူက ကတိပေးထားတဲ့ အတိုင်းပဲလေ၊ သူလုပ်မှာပေါ့၊ စောင့်ကြည့်ဦးလေဗျာ၊ ခင်ဗျား ချက်ချင်း မဖြစ်ဘူးဆိုတဲ့ဟာကြီးက မကောင်းတဲ့ဖက်က မတွေးနဲ့ လေ၊ ကောင်းတဲ့ဖက် အရင်တွေးစမ်းပါ အချိန်က ရှိပါသေးတယ်၊ အချိန်ရှိပါသေးတယ်” ဟု ပြောသည်။

NUG နဲ့ PDF ကိုတွေ့ရစဉ်
လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းကြောင့် ရွေးကောက်ပွဲ ကျင်းပဖြစ်/ မဖြစ်ဆိုသည်ကို မပြော နိုင်သေးကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လောလောဆယ်ကတော့ အရေးပေါ်ကာလ အခြေအနေကလည်း အခုထက်ထိ မကုန်ဆုံးသေးဘူးဆို တော့ ကျနော်တို့ မြင်တာတစ်ခုက ရွေးကောက်ပွဲတော့ဖြစ်မယ် ဒါပေမယ့် ဘယ်လိုဖြစ်မလဲဆိုတာကတော့ ကျနော်တို့လည်း အတိအကျတော့ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသံထွက်နေတာကတော့ သန်းခေါင် စာရင်း ပြန်ကောက်မယ် လူဦးရေစာရင်း ကောက်မယ်ဆိုတော့ ရွေးကောက်ပွဲက ဖြစ်တော့ ဖြစ်မှာပေါ့၊ ဒါပေမယ့် ဘယ်လို အခြေအနေ ဖြစ်မလဲဆိုတာ ကျနော်တို့လည်း မခန့်မှန်းနိုင်သေးဘူး” ဟု ပြောသည်။
နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ၎င်းတို့အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်ကြောင်း၊ အဆိုပါ ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားထားသည်။
တခြားသော နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများကတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာ နိုင်ငံအတွက် ထွက်ပေါက် တစ်ခုဖြစ်၍ နစကကို မကြိုက်သော်လည်း ရွေးကောက်ပွဲကိုတော့ အားပေးသင့်သည်ဟု ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1908
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၉
လက်ရှိ နစကနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)နှင့်ပူးပေါင်း၍ တော်လှန်ရေးမှာ ပါဝင်လာအောင် စည်းရုံးသင့်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
နစက၏ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို NUG ထံ မပါဝင်ရန် စည်းရုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “အဲဒါကတော့ တောက်လျှောက်လုပ်လာခဲ့တာ၊ ဒီနေ့ကာလဆိုရင် ပိုပြီးတော့ သိသာထင်ရှားပါ တယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းမှာ စစ်ရေးပဋိပက္ခ အလွန်ပြင်းထန်လာတဲ့အခါမှာ တချို့ အားနည်းတဲ့ အဖွဲ့အစည်းတွေက စစ်ကောင်စီရဲ့ NCA သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အင်အားစု တစ်ချို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လှုပ်ရှားမှုတွေ လုပ်နေတယ်၊ ဒါဟာအဓိက အားဖြင့်တော့ ဒီအင်အားစုတွေကို NUG ဘက်ကို မသွားနိုင် ဖို့အတွက် ဆွဲဆောင်စည်းရုံးနေတဲ့ လှုပ်ရှားမှုသာဖြစ်ပြီးတော့ ဒီလှုပ်ရှားမှုတွေဟာ ကျနော်တို့ နွေဦးတော်လှန်ရေး အတွက်တော့ အကျိုးမရှိတဲ့ အကြောင်းအချက်သာဖြစ်တဲ့အတွက် အဲဒီအင်အားစုတွေကို NUG ဘက်က ဆွဲဆောင် စည်းရုံးတာ စတဲ့ လုပ်ငန်းတွေကို လုပ်သင့်တယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

NSPNC နဲ့ DKBA၊ KNU/KNLA-PC၊ PNLO၊ ALP၊ LDU ခေါင်းဆောင်များတွေ့ဆုံစဉ်
ထို့နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် နစကဥက္ကဋ္ဌနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးလျက်ရှိသည်။
အလားတူ NCA မရေးထိုးရသေးသည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေ စီ မဟာမိတ်တပ်မတော်(NDAA-မိုင်းလားအဖွဲ့)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ကလည်း နစကနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးလျက်ရှိကြသည်။
မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက “ဒါကတော့ သူတို့ လုပ်မှာပဲလေ၊ ဗမာပြည်ရဲ့ ပြဿနာအားလုံးက စစ်ကောင်စီ၊ စစ်အုပ်စုကြောင့်ဖြစ်တာ၊ ကျမတို့ အချင်းချင်း ကွဲပြဲနေတာလည်း ဒါပဲ၊ ဒါ ကြောင့် ဟိုနေ့က တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်ပြောတာ ကျမ သိပ်သဘောကျတာ အဓိက ဒီ စစ်ကောင်စီ၊ စစ်အုပ်စု ပြုတ်ကျသွားဖို့ပဲ၊ သူပြုတ်ကျသွားရင် ကျနော်တို့ ညီကိုမောင်နှမ အချင်းချင်း ဖြစ်နေတဲ့ ကိစ္စ ကျနော်တို့ဟာ ကျနော်တို့ ရှင်းနိုင်တယ်ဆိုတာ အမှန်ပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

NUG နဲ့ PDF ကိုတွေ့ရစဉ်
မြန်မာ့တပ်မတော်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားနေမှုကို ဖြေရှင်းပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရမှ မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခဲ့သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်ကို အရေးပေါ် အခြေအနေကြေညာခဲ့သည်။
ထို့နောက် မြန်မာ့တပ်မတော်ကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာပြီးနောက် ဖြုတ်ချရေး NUG မှ လက်နက် ကိုင် တော်လှန်ရေးကို စတင်လာခဲ့သည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်း တပ်ဖွဲ့ များနှင့် မြန်မာ့တပ်မတော်ကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2131
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၈
နစက-က နိုင်ငံရေးပါတီများ မှတ်ပုံတင် ဥပဒေကို အသစ် ပြန်လည် ပြဋ္ဌာန်းပြီးနောက် ကချင်ပြည်နယ် အတွင်း စည်းရုံးမည့် ပါတီအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP ) က ပါတီမှတ်ပုံတင်ကို ပြန်တင်ခဲ့ကြောင်း UEC မှ ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီအဖြစ် နိုင်ငံရေးပါတီ ၆ ပါတီ မှတ်ပုံတင်ထားသလို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း စည်းရုံးမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီ ၁၁ ပါတီ မှတ်ပုံ တင်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားသည်။

ဒေါ်ဒွဲဘူကိုတွေ့ရစဉ်
ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)တွင် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါ်ဒွဲဘူသည် နစကတွင် အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1186
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၈
လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲနည်းလမ်းဖြင့်သာ ဖြေရှင်းရမှာ ဖြစ် ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ နည်းလမ်းဖြင့် သွားပါက တည်ငြိမ်အေးချမ်းသည့် လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းက အငြင်းပွားစရာမရှိကြောင်း ၎င်းက ပြောသည်။
ဦးရဲထွန်းက “ရွေးကောက်ပွဲနည်းနဲ့တော့ ဖြေရှင်းရမှာပဲလေ၊ ကျနော်တို့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကို တည်ဆောက်မယ်၊ ပြောချင်တာကတော့ ဒီနိုင်ငံကို ဘယ်သူအုပ်ချုပ်ခွင့်ရှိသလဲ၊ ဘယ်သူ အုပ်ချုပ်မလဲဆိုတာကို ပြည်သူလူထု အများစုရဲ့ ဆန္ဒနဲ့ ဆုံးဖြတ်ခွင့်ပြုမယ်၊ ဒီမိုကရေစီစနစ် ခေါ်တာပေါ့ ဗျာ၊ အဲဒီလို စနစ်နဲ့ သွားမယ်ဆိုမှသာလျှင် နိုင်ငံက နှိုင်းယှဉ်ချက်အရ ပိုပြီးတော့ တည်ငြိမ်တဲ့၊ အေးချမ်းတဲ့ နိုင်ငံ ရေး ပတ်ဝန်းကျင်ကို ဖန်တီးနိုင်မှာလေ၊ ရွေးကောက်ပွဲစနစ်နဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့ပဲ သွားရမှာ ရွေးကောက် ပွဲ နည်းလမ်းနဲ့ သွားရမှာဆိုတဲ့ ဥစ္စာကတော့ အငြင်းပွားစရာ မရှိဘူး။ ဘယ်လို သွားမလဲ၊ ဘယ်သူတွေ ပါဝင်မလဲ ဘယ်လောက် ပါဝင်ခွင့် ပြုမှာလဲဆိုတာဟာ ပြဿနာ အဲဒီပြဿနာက လူနည်းနည်းနဲ့ ရွေးချယ်ထားတဲ့ လူနဲ့ ဒါမှ မဟုတ်ရင်လည်း ကန့်သတ်ထားတဲ့ လူနဲ့သာ ရွေးကောက်ပွဲလုပ်မယ်၊ ဒါမှ မဟုတ် တချို့လူတွေကို ပါဝင်ခွင့် မပြု ဘူးဆိုတဲ့ ဒီမိုကရေစီ မကျတဲ့ ကန့်သတ်ချုပ်ချယ်မှုတွေနဲ့ သွားမယ်ဆိုရင် အဲဒီရွေးကောက်ပွဲက အစစ်အမှန် ထွက်ပေါက် မဖြစ်နိုင်ဘူး။ အစစ်အမှန် တိုင်းပြည် ငြိမ်းချမ်းဖို့အတွက် သွားတဲ့ လမ်းမဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲနဲ့ သွားရ မယ်ဆိုတဲ့ ဥစ္စာကတော့ အငြင်းပွားစရာ အကြောင်းမရှိဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲထည့်နေစဉ် (Reuters)
သို့သော်လည်း ရွေးကောက်ပွဲ ကျင်းပရာတွင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအချို့ကို ကန့်သတ်သည့် ပုံစံမဖြစ်ရန် လိုအပ် ကြောင်း ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို တည်ဆောက်ရမည်ဟု ၎င်းက ပြောသည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ မဟုတ်သည့် နည်းလမ်းမှာ တွေ့ဆုံဆွေးနွေး ရေး လမ်းကြောင်းဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “အခြားနည်းလမ်းက ကျနော်တို့ အမြဲတမ်း ပြောနေကြတာက တွေ့ဆုံဆွေးနွေးရေးပေါ့နော်၊ တွေ့ဆုံ ဆွေးနွေးရေးကလည်း အကန့်အသတ် လေးရှိလို့ရှိရင် ဒါကတော့ တော်တော်လေး ဖြေရှင်းရတာ ခက်တယ်။ နိုင်ငံရေးထွက်ပေါက်က တကယ်လို့ အကန့်အသတ်မရှိပဲ ဒီပြဿနာထဲမှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်း အားလုံးက ဆွေးနွေးနိုင်မယ်ဆိုလို့ရှိရင် ဒါကတော့ ရွေးကောက်ပွဲမဟုတ်တဲ့ နည်းလမ်းအနေနဲ့ ကျနော်တို့ ဖြေရှင်းလို့ ရတာပေါ့၊ တကယ်လို့ အဲလိုမဖြစ်ဘူးဆိုလို့ရှိရင် ကျနော်တို့ ရွေးကောက်ပွဲကိုပဲ ကျနော်တို့ မျှော်လင့် ရမှာပေါ့၊ ဥပမာ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုလို့ရှိရင် လွှတ်တော်တွေ ရှိလာမယ်။ နောက်ပြီးတော့ ဘာပဲပြောပြော ပေါ့ အရပ်သားအစိုးရပဲ ပြောပြောပေါ့နော် ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရရှိလာမယ်ဆိုလို့ရှိရင် အစိုးရက မလုပ်သည့်တိုင်အောင် လွှတ်တော်က ဖိအားပေးမယ်ဆိုလို့ရှိရင် ကျနော်တို့က ဖြေရှင်းရ လွယ်ကူတဲ့ နည်းလမ်း တစ်ခုဖြစ်မှာပေါ့နော်။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲက ဖြစ်ရင်တော့လည်း ကောင်းတဲ့ အနေအထား မျိုးဖြစ်သလို တွေ့ဆုံဆွေးနွေးမှုကလည်း အကန့်အသတ်မရှိ အဲဒီပြဿနာထဲမှာ ပါဝင်နေတဲ့ လူအားလုံးက တွေ့ဆုံ ဆွေးနွေးနိုင်မယ်ဆိုရင် ဖြေရှင်းလို့ရမယ့် နည်းလမ်းတစ်ခုပေါ့” ဟု ပြောသည်။

NLD ပါတီထောက်ခံသူများကိုတွေ့ရစဉ် (AFP)
ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲအပ်မည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
သို့သော်လည်း အခြားတစ်ဖက်မှာတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောကြားထားသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1386
CNI News ၂၀၂၃ ခုနှစ်၊ မတ်လ ၇
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၇ ရက်က နေပြည်တော်မှာ တွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ တိုးမြှင့်ရေးနှင့် ကုလားတန်မြစ်ကြောင်း စီမံကိန်း အပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျှက်ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နယ်နိမိတ် ထိစပ်မှုသည် မိုင်ပေါင်း ၁၀၀၀ ကျော်ရှိပြီး အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ ကုလားတန်မြစ် စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည်။ အလားတူ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ခြင်း အပါအဝင် စီးပွားရေးအရ နှစ်နိုင်ငံ ကုန်သွယ်မှုများလည်း ပြုလုပ်လျက်ရှိသည်။
၂၀၂၃ ခုနှစ်၊မတ်လ ၇ ရက်နေ့က အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar နှင့် နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တွေ့ဆုံစဉ်
အဆိုပါ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် အိန္ဒိယအစိုးရကို တော်လှန်နေသည့် နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ(NSCN-YA)၊ ကသည်းနှင့် အာသံ လက်နက်ကိုင်များ လှုပ်ရှားလျက်ရှိနေသလို မြန်မာ့တပ်မတော် အား ဖြုတ်ချရေး ကြိုးပမ်းနေသည့် တမူး (PDF)၊ ကလေး(PDF)များ လှုပ်ရှားလျက်ရှိသည်။
ထို့ပြင် ဇိုမီအမျိုးသားတော်လှန်ရေးတပ်မတော်(ZRO/ZRA)နှင့် ကူကီးအမျိုးသားအစည်းအရုံး(KNO) တို့လည်း လှုပ်ရှားလျက်ရှိသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1300
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၆
ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့ကို NLD မှ ထုတ်ပယ် လိုက်ကြောင်း ပြည်ပရောက် NLD ဗဟိုအလုပ်ကော်မတီ(CWC)က ထုတ်ပြန်ခဲ့ပြီးနောက် NLD ၏ အလားအလာ ဘယ်လို ဖြစ်နိုင်လဲဆိုကာ ဆွေးနွေးသုံးသပ်လာနေကြသည်။
ထုတ်ပယ်လိုက်ကြောင်း ကြေညာခံခဲ့ရသော ၄ ဦးထဲမှ NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က မတ်လ ၃ ရက်နေ့တွင် သူ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် NLD CWC အဖွဲ့သည်တရားမဝင်သလို မည်သည့် လုပ်ပိုင်ခွင့်မှ မရှိကြောင်း ပြန်လည် ရေးသား ဖော်ပြောဆိုခဲ့သည်။
လက်ရှိတွင် အဆိုပါ အဖွဲ့နှစ်ဖွဲ့အကြား အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး NLD အနေဖြင့် မှတ်ပုံတင် ပြန်တင်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရန်သာ ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်း ဌာနသို့ ပြောသည်။

ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ NLD CWC ရဲ့ ထုတ်ပြန်ချက်
ဦးရဲထွန်းက “အခု အခြေအနေကတော့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေအသစ်က တကယ်လို့ ပြန်မှတ်ပုံမတင်ဘူး ဆိုရင် သူတို့ ပါတီပိုင်ပစ္စည်းတွေက နိုင်ငံတော်ကို အပ်ရမယ်၊ နိုင်ငံတော်က သိမ်းမယ်ဆိုတဲ့ဟာပါတော့ NLD လို ပိုင်ဆိုင်မှုတွေ အများကြီးရှိတဲ့ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ စဉ်းစားရမှာက အဲဒီဟာတွေ အလကား သက်သက် ဆုံးရှုံးခံမှာလားဆိုတာ တစ်ချက် နောက်တစ်ချက်က ရွေးကောက်ပွဲတွေက သူတို့ ဘယ်လို စနစ်နဲ့ပဲ လုပ်လုပ် First Past the Post နဲ့ပဲ လုပ်လုပ် PR စနစ်နဲ့ပဲ လုပ်လုပ် NLD လို ပြည်သူလူထု ထောက်ခံမှု အများစုရနေတဲ့ နိုင်ငံရေး ပါတီ တစ်ခုက နိုင်ခြေအများကြီးရှိတဲ့ အခြေအနေမျိုးမှာ ထပ်ပြီး မှတ်ပုံတင်သင့်တယ်ဆိုတဲ့ အမြင်ရှိတဲ့ ပုဂ္ဂိုလ် တွေလည်း ရှိကြမှာပဲ၊ လက်နက်ကိုင် တိုက်ပွဲနဲ့သာ သွားမယ်ဆိုတဲ့ လူတွေလည်း ရှိနေတယ်၊ ရှိနေလို့လည်း လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်နေတာပေါ့လေ၊ ဆိုတော့ အဲဒီနှစ်ခုကြားမှာတော့ အင်အားတွေက အခုကတော့ အပြန်အလှန် အငြင်းပွားမှုတွေတော့ စထွက်လာပြီဆိုတော့ ခန့်မှန်းကြည့်ရတာတော့ ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ အရ နောက်ဆုံး ပြန်မှတ်ပုံတင်ရမယ့် ရက်အတွင်းမှာတော့ သိသိသာသာ ထွက်ပေါ်လာမှာပေါ့နော်၊ အခုတော့ စပြီးတော့ အငြင်းပွားမှုတွေ တွေ့နေရတယ်၊ အမြင်က မတူဘူးပေါ့နော်၊ နိုင်ငံရေးနည်းနဲ့ပဲ နိုင်ငံကို ပြုပြင်ပြောင်း လဲမယ်၊ တည်ဆောက်မယ်ဆိုတဲ့ လူတွေက ဒီလမ်းကြောင်းပဲရှိတယ်၊ ၂၀၁၀ တုန်းကလည်း ရွေးကောက်ပွဲ မဝင်ခဲ့ နိုင်ဘူး၊ ကြားဖြတ်ရွေးကောက်ပွဲကြမှပဲ ဝင်ရတာပဲ၊ ၂၀၀၈ တပ်က ခင်းထားတဲ့ လမ်းကြောင်းအတိုင်းပဲ ဝင်ရတာပဲ ဆိုတဲ့ အမြင်ရှိတဲ့ လူတွေပေါ့နော်၊ အဲဒီလူတွေကလည်း အဲဒီအုပ်စုတွေကလည်း ပါတီပြန်မှတ်ပုံတင်ဖို့ ကြိုးစားနေ ကြတယ်လို့ သိရတာပေါ့နော် အဲဒီအချိန်လောက်ဆို ကျနော်တို့ ရှင်းရှင်းလင်းလင်း တွေ့ရတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် နစက၏ နိုင်ငံရေးပါတီများဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထွက်ပေါ်လာပြီးနောက် နိုင်ငံရေးပါတီများသည် မှတ်ပုံတင် ပြန်တင်လျှက်ရှိနေသည်။
နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ NLD ပါတီ အနေဖြင့် ဖျက်သိမ်းခံရနိုင်ကြောင်း၊ သို့သော် လည်း လူထုထောက်ခံနေသမျှ NLD ရှိနေမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
၎င်းက “NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှိနေဆဲပါပဲ၊ နောက်တစ်ခုက NLD ပါတီဟာ ဒီနေ့ကာလမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဖျက်သိမ်းခံရမယ့် အနေအထား ရောက်နေပါပြီ။ ဒါပေမဲ့ NLD ပါတီ ဆိုတာ လူထုပါတီဖြစ်ပြီးတော့ လူထုထောက်ခံနေသမျှ ရှိနေဦးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရပ်တည်မှုနဲ့ သဘောထားကို ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် NLD ပါတီဟာ ဒီနေ့ကာလမှာ ပြောရလို့ရှိရင် မြေအောက် တစ်ပိုင်း အင်အားစု စကစကို ဥပဒေဘောင် အုပ်စိုးမှုအပေါင်း အပြင်ကနေရှိနေတဲ့ အင်အားစု တစ်ရပ်အနေနဲ့ ပြည်သူ လူထုဘက်က ဆက်လက်ပြီး ရပ်တည်သွားမယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် ဆန့်ကျင်မှုနှင့် အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။
ထို့နောက် NLD ပါတီဝင်များ အနေဖြင့်လည်း တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ မြန်မာ့တပ်မတော်ကို ဖြုတ်ချနိုင်ရေး ကြိုးပမ်းနေသလို ပြည်တွင်းရှိ NLD အစုအဖွဲ့အချို့မှာလည်း အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းမှုများ ရှိနေကြောင်း သိရသည်။
- By CNI News
- Category: နိုင်ငံရေး
- Hits: 1455
- By CNI
- Category: နိုင်ငံရေး
- Hits: 1923
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီဆိုကာ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် အဖွဲ့ သည် တရားမဝင်သလို မည်သည့် လုပ်ပိုင်ခွင့်မှ မရှိကြောင်း NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က မတ်လ ၃ ရက်နေ့မှာ သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တရားဝင် ရေးသား ထုတ်ဖော် ပြောကြားခဲ့သည်။
ပြည်ပရောက် ဦးအောင်ကြည်ညွန့်နှင့် ဒေါ်မေဝင်းမြင့် ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော NLD CWC က ပြည်တွင်း(မြန်မာနိုင်ငံ)ရှိ NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို ပါတီမှ ထုတ်ပယ်ကြောင်း မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် အဖွဲ့တွင် မည်သည့် လုပ်ပိုင်ခွင့်မှ မရှိဟု ပြန်လည် တုန့်ပြန်ခဲ့သည်။
ဦးတိုးလွင်က “ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါ အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့ CEC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝ တရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန် လည်း မခံသလို တာဝန်လည်း မယူကြောင်း 8.11.2021 ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် NLD ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး”ဟု ပြောသည်။

ဦးတိုးလွင်နဲ့ ဦးဖြိုးမင်းသိန်းတို့ ၄ ဦးကို ထုတ်ကြောင်း NLD CWC ထုတ်ပြန်ချက်
ထို့နောက် NLD CWC အမည်ခံ၍ ဖွဲ့ခြင်းကလည်း တရားမဝင်ဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများက တဆင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ အပြတ်ပြောခဲ့ကြောင်း၊ ထိုအခြေအနေကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်သည့် NLD CWC နာမည်ကို အသုံးချ၍ NLD ၏ တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့စ်ကို မောင်ပိုင်စီး ခိုးယယူ အသုံးပြုကာ NLD နာမည်နှင့် ကြေညာချက်များ ထုတ်နေခြင်းသည် လုံးဝ တရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဖူးသူတိုင်း သိကြသည်ဟု ၎င်းက ပြောသည်။
ဦးတိုးလွင်က “ ယခု So-called NLD CWC ဆိုတဲ့ သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဖက်မှာ ဖွဲ့ထားကြတဲ့ အဖွဲ့မှာ ပါဝင်တဲ့သူ အားလုံးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ အမေရိကားကို အကုန်ရောက်နေကြတဲ့ သူတွေချည်း ပါပဲ။ NLD ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အဲဒီလို တိုင်းပြည်အပြင်ဖက် ထွက်သွားကြသူ တွေဟာ NLD ပါတီဝင်အဖြစ်တောင် တရားမဝင်တော့ပါဘူး။ သူတို့ဟာ NLD ပါတီဝင်တွေလို့တောင် မပြောနိုင်တော့ပါဘူး။ NLD ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီလို တိုင်းပြည်အပြင်ဖက် ထွက်သွားကြ တဲ့(ရှင်းရှင်းပြောရရင် ကြောက်လို့ ထွက်ပြေးသွားကြတဲ့)သူတွေဟာ ဘယ်တုန်းကမှ NLD တာဝန်ကို ယူလို့မရသလို တာဝန်ယူခဲ့ရင်လည်း တရားမဝင်ပါဘူး”ဟု ပြောသည်။
မိမိသည် NLD ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သလို NLD ပါတီ၏ အရေးကြီးဆုံးနှင့် အရေးပါဆုံး ဗဟို စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ် NLD ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း လုပ်ထုံးလုပ်နည်းများအပြင် ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ NLD ပါတီ ပြန်မှတ်ပုံတင်ခဲ့ပြီးနောက်ပိုင်း NLD ပါတီ၏ ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များကို အားလုံးနားလည်သလို ကြေကြေညက်ညက်လည်း ရှိထားသူဖြစ်ကြောင်း ၎င်းက ပြောသည်။

NLD ပါတီအလံကိုတွေ့ရစဉ်
ထို့နောက် ၂၀၁၁ ခုနှစ် နောက်ပိုင်း ပြန်ဖွဲ့ခဲ့သည့် NLD ပါတီဖွဲ့စည်းပုံမှာ CWC(ဗဟိုအလုပ်ကော်မတီ)ဆိုတာ လုံးဝမရှိသလို ဖွဲ့ခဲ့ရင်လည်း တရားလုံးဝမဝင်ပါကြောင်း၊ NLD ပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများအရဆိုလျှင်တော့ ယခု So- called CWC အဖွဲ့မှာ ပါသည့် ၇ ဦး+ ဒေါ်မေဝင်းမြင့်တို့သည် NLD ပါတီအဖွဲ့ဝင်အဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်ပြီးသား ဖြစ်နေသူများဖြစ် ကြောင်း NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က သူ၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ တရားဝင် ရေးသားထုတ်ဖော် ပြောကြားခဲ့သည်။
လက်ရှိတွင် NLD ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့သည် နစက၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရပြီး ကျန် CEC များဖြစ်သည့် ဒေါက်တာမျိုးညွန့်၊ ဦးဟန်သာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဒေါ်ခင်ဋ္ဌေးကြွယ်တို့မှာ ပြည်တွင်းမှာ တည်ရှိ နေသည်။
ထို့နောက် ဒေါ်မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်မှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေပြီး NLD CWC ကို ဖွဲ့စည်း၍ ဦးဆောင်လျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1426
CNI News
၂၀၂၃ ခုနှစ်၊ မတ်လ ၄
လာမည့် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၃၀၀ ကျော် အနိုင်ရမည်ဟု မျှော်လင့်ထားကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
စိုင်းအိုက်ပေါင်းသည် ယခင်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်ပါတီ အဖြစ်ထူထောင်ခဲ့ရာမှ နစက၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဉပဒေ အသစ် ထွက်ပေါ်လာပြီးနောက် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီဟုဆိုကာ အမည်ပြောင်းလဲ မှတ်ပုံတင်ခဲ့သည်။
ထို့နောက် နိုင်ငံတစ်ဝန်းလုံးကို ဝင်ပြိုင်မည်ဟု ဆိုသည်။
စိုင်းအိုက်ပေါင်းက “ဒေသခံတွေပဲ ကျနော်တို့ ရွေးမှာ ရှမ်းတွေလာပြီး မရွေးဘူး။ ဒေသခံ တိုင်းရင်းသားပဲ ရွေးမှာ၊ ရန်ကုန်တိုင်းက ၄၅ မြို့နယ်၊ ဧရာဝတီတိုင်း ၂၆၊ ပဲခူးတိုင်း ၂၈၊ မန္တလေးတိုင်း ၂၈၊ နေပြည်တော် ၈၊ မကွေးတိုင်း ၂၅၊ ရှမ်းပြည်နယ် ၄၃ အဲဒီလို၊ ဝင်ပြိုင်မှာ၊ ကျနော်တို့ ပြိုင်တာ မြို့နယ်ပေါင်း လွှတ်တော်ကိုယ်စားလှယ်ပေါင်းက သဘောက ၆၀၀ ဆိုရင်တော့ဗျာ၊ ကျနော်တို့က ၃၀၀ လောက် နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ထားတယ်လေ၊ တစ်ဝက်တော့ ကျော်မှာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေပြဋ္ဌာန်းသည့် နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ် ရက်အတွင်း လျှောက်ထားခြင်း မရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပျက်ပြယ်ပြီးဟု မှတ်ယူကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။

မဲလက်မှတ်ကိုတွေ့ရစဉ်(AFP)
လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံတင် ပြန်တင်ထားသည့် နိုင်ငံရေးပါတီ ၁၄ ပါတီရှိလာကြောင်း သိရသည်။
နစက အနေဖြင့် အရေးပေါ်ကာလ နောက်ထပ် သက်တမ်း ၆ လ တိုးသွားနိုင်သလို၊ ရွေးကောက်ပွဲမှာလည်း နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှာ ကျင်းပနိုင်ခြေရှိကြောင်း စိုင်းအိုက်ပေါင်းက ပြောသည်။
၎င်းက “သူတို့ လုပ်ရမယ့် အလုပ်လေ၊ သူတို့လုပ်မှာပေါ့၊ တည်ငြိမ်အေးချမ်းအောင် သူတို့လုပ်ရမယ့် တာဝန်လေ၊ တရားဥပဒေစိုးမိုးမှုရှိအောင် သူတို့လုပ်မှာပေါ့၊ ခုနတုန်းက ပြောသလိုပေါ့၊ ဒီ ၆ လဆိုလို့ရှိရင် သူက ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်ဆိုရင် သူက ပြီးသွားပြီ ၆ လ၊ နောက်ထပ် ၆ လရှိသေးတာကိုး။ နောက်ထပ် ၆ လဆိုလို့ ရှိရင် ဘယ်လိုဖြစ်ဖြစ် နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ လုပ်ဖြစ်မှာပဲ ကျနော်ခန့်မှန်းကြည့်တာပေါ့နော်၊ ခန့်မှန်းကြည့်တာ နိုဝင်ဘာ၊ ဒီဇင်ဘာ ဖြစ်လိမ့်မယ်၊ နောက်ကျဆုံး ဒီဇင်ဘာ ဖြစ်မယ်၊ ဖြစ်ပြီးတာနဲ့ ဇန်နဝါရီလ လောက်ဆိုရင် လွှတ်တော် ပေါ်လာမယ်၊ လွှတ်တော်ပေါ်လာရင် ဖေဖော်ဝါရီလကြရင် အစိုးရဖွဲ့လို့ ပြီးသွားပြီ၊ မတ်မှ အဆင်သင့်ဖြစ်သွားမယ်၊ မတ်မှာ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရ၊ ပြည်နယ်အစိုးရတွေ ဖြစ်ပေါ်လာရင် ဧပြီလ ၁ ရက်နေ့မှာ အာဏာလွှဲလို့ ရပြီလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို နိုင်ငံတော် အာဏာလွှဲအပ်ပေးမှာဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။
