CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၉

နစကကို မထောက်ခံဘဲ ဆန့်ကျင်နေသည့် မည်သည့်နိုင်ငံသံရုံးကိုမဆို ပိတ်သိမ်းခြင်းမျိုး လုပ်ဆောင်လာ နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးထက်မြက်က CNI သတင်းဌာနကို ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အရှေ့တီမောအစိုးရ တာဝန်ရှိသူများ တွေ့ဆုံခဲ့မှုကို အကြောင်းပြုကာ အရှေ့တီမောသံတမန်ကို နစက-က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နောက်ဆုံးထားပြီး တိုင်းပြည်က ထွက်ခွာ ရန် ပြီးခဲ့သည့်ရက်ပိုင်းက အကြောင်းကြားခဲ့သည်။

ဦးထက်မြက်က “အဲဒါကတော့ ကိုယ်နဲ့ ဆန့်ကျင်ဖက်ဖြစ်သွားရင် ဘယ်နိုင်ငံမဆိုလေ သံတမန်ဆက်ဆံရေးကို ဖျက်လေ့ရှိတာပဲ။ ကိုယ်နဲ့ ဆန့်ကျင်ဖက်လုံးဝဖြစ်သွားရင်၊ အရှေ့တီမောကြတော့ သူက ရှင်းတာက ဗမာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စကြီးကို မရှင်းပေးနိုင်သရွေ့၊ အရှေ့တီမောအနေနဲ့ အာဆီယံထဲသူမပါဘူးလို့ သူက ပြတ်ပြတ် သားသားကို ပြောထားတာ၊ ပြောထားပြီးတဲ့အခါမှာ အခု ဒီအကျိုးဆက်တွေ ဖြစ်သွားတာ၊ သူကိုယ်၌က ဗမာနိုင်ငံကို အသိအမှတ်မပြုဘူး။ အာဆီယံလည်း အသိအမှတ်မပြုဘူးဆိုတဲ့အပေါ်မှာ NUG အစိုးရကိုပဲ သူက အသိအမှတ်ပြုတယ်လို့ သူက ကြေညာတယ်၊ ကြေညာတဲ့အခါကြတော့ အခု NUG နဲ့ စစ်ကောင်စီနဲ့က တိုက်နေ ရတဲ့ အခြေအနေမျိုး တကယ့်ကို သူသေငါရှင် တိုက်နေကြတာ၊ တိုက်နေတဲ့ အခြေအနေမှာ ဒီဖက်ကလည်း ဟို ဖက် လက်နက်ကိုင်အုပ်စုကို အကြမ်းဖက်တယ်၊ ဟိုဖက်ကလည်း ဒီဖက်ကို တကယ်အကြမ်းဖက်ဆိုပြီး စွပ်စွဲပြီး ချနေကြတော့ အခုကိစ္စမှာ ဒီစစ်ကောင်စီကလည်း ရှင်းရှင်းပြောရရင်တော့ သူ့ကို မထောက်ခံဘဲနဲ့ ဆန့်ကျင်တဲ့ ဘယ်နိုင်ငံမဆို ဘယ်အဖွဲ့အစည်းမဆို သူက အခုလိုပဲ သံရုံးပိတ်ပစ်တာတို့၊ အသိအမှတ်မပြုဘဲ နှင်ထုတ်တာတို့ ဖြစ်လာတာက အဲဒါသဘာဝအတိုင်းပဲလို့ ဆရာတို့ ယူဆတယ်” ဟု ပြောသည်။

 ဇူလိုင် ၁ ရက်နေ့က ကျင်းပသည့် (၉)ကြိမ်မြောက် အရှေ့တီမော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို  NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့စဉ်

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က ကျင်းပသည့် (၉)ကြိမ်မြောက် အရှေ့တီမော အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို  NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့သည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို မဖြေရှင်းနိုင်သရွေ့ အရှေ့တီမောနိုင်ငံ၏ အာဆီယံဝင်ခွင့် လျှောက်ထားမှု မှာလည်း အာဆီယံအနေဖြင့် စဉ်းစားပေးနိုင်ဦးမှာ မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနကို ပြောသည်။

၎င်းက “အရင်က သူတို့ကိုယ်တိုင်လည်း လွတ်လပ်ရေးအတွက် အင်ဒိုနီးရှားစစ်တပ်ရဲ့ လွှမ်းမိုးမှုကို သူတို့အနေနဲ့ အပြင်းအထန် တိုက်ပွဲဆင်ပြီးမှ လွတ်လပ်ရေးရယူတဲ့အတွက် ဒီနေ့ကာလ အဲဒီအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ NUG ကို တီမောအစိုးရအနေနဲ့ အသိအမှတ်ပြု လက်ခံတဲ့အားဖြင့် NUG နဲ့ အသိအမှတ်ပြု လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါကို စစ်ကောင်စီက နာကြည်းစွာနဲ့ သူတို့က ဒီလို သံတမန်အဆက်အသွယ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

 အဲဒီလို လုပ်လိုက်တဲ့အတွက် တစ်ခုတော့ ရှိတာပေါ့ဗျာ၊ တီမောအစိုးရကိုယ်တိုင်လည်း အာဆီယံ အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ လျှောက်ထားထားတဲ့အချိန်တွေနဲ့ ရင်ဆိုင်နေတဲ့အခါကြတော့ ဒီစစ်ကောင်စီအစိုးရ ဗမာနိုင်ငံကနေပြီးတော့ ပြုတ်မသွားမချင်းတော့ သူတို့အနေနဲ့ ဒီကိစ္စကလည်း အာဆီယံက စဉ်းစားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အချိန် ၆ လ၊ ၁ နှစ်လောက်တော့ သူတို့အနေနဲ့ ရပ်ဆိုင်းသွားနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ တီမောအစိုးရဖက်ကလည်း အဲဒီပြဿနာကို မြင်ပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။

အရှေ့တီမောနိုင်ငံ၏ မိတ်ဆွေကောင်းအဖြစ် ရပ်တည်ချက်သည် မိမိတို့ NUG နှင့် မြန်မာပြည်သူလူထု၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ကြောင်း NUG က ဩဂုတ် ၂၈ ရက်က ထုတ်ပြန် ခဲ့သည်။

လက်ရှိတွင်လည်း နစကနှင့် NUG တို့သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအပါအဝင် သံတမန်ရေးရာ များတွင် အားပြိုင်လျက်ရှိနေသည်။