- By CNI
- Category: နိုင်ငံရေး
- Hits: 2099
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၇
မြန်မာနိုင်ငံကို အမေရိကန်က proxy war အသုံးပြုပြီး မြန်မာ့အရေးများတွင် ဝင်ရောက်စွက်ဖက်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
အမေရိကန်အနေဖြင့် ငွေကြေးများအား တိုက်ရိုက်ပေးဆောင်မှုများ ရှိနေသလို အခြားသော လမ်းကြောင်းများ ဖြင့်လည်း ပေးဆောင်နေကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “ Government အနေနဲ့ အမေရိကန်အစိုးရကနေပြီးတော့ ကွန်ကရက်ကနေပြီးတော့ ရန်ပုံငွေ ချပေးပြီးတော့လည်း တိုက်ရိုက်စွက်သလို၊ တစ်ဖက်ကလည်း နိုင်ငံတကာက Donor တွေပေါ့နော်၊ ပုဂ္ဂလိက Donor တွေပေါ့နော် အဖွဲ့အစည်းတွေ အဲဒီအဖွဲ့အစည်းတွေ အနေနဲ့လည်း ငွေကြေးကို အဲဒီ အဖွဲ့အစည်း တွေက ငွေကြေးပါမယ်၊ လက်နက်ပါမယ်ပေါ့ဗျာ၊ ဟိုအမေရိကန် အစိုးရကြတော့ နှစ်နိုင်ငံက သံတမန် ဆက်သွယ် မှု ရှိပြီးသားဖြစ်တယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီးသား ဖြစ်ခြင်းကြောင့် သူ့ အနေနဲ့ ဥပဒေအရ လက်နက်ပေးလို့ မရဘူး။ မရတဲ့အခါကြတော့ အမေရိကန် ကာကွယ်ရေး ဘတ်ဂျက်ထဲမှာ မြန်မာနိုင်ငံကို ထောက်ပံ့တယ်ဆိုပြီးတော့ အဲဒီပိုက်ဆံတွေအားလုံးက လက်ရှိ တရားဝင် အလုပ်လုပ်နေတဲ့ အစိုးရ ဆီကို မရောက်ဘဲနဲ့ NUG ကိုပဲ ရောက်သွားတယ်ဆိုပါတော့ဗျာ၊ အဲဒါက ငွေတွေ ရောက်သွားတာပေါ့နော်၊ ဒီငွေ တွေနဲ့ ပတ်သက်လို့ ဘယ်သူက စာရင်းစစ်မှာလည်း စာရင်းစစ်စရာ အကြောင်းလဲမရှိဘူး။ စစ်လို့လည်း မရဘူး။ အဲဒီတော့ ကျနော်က the end user ပေါ့နော်၊ နောက်ဆုံး end user အထိကို ငွေရောက်သွားတယ်လေ၊ အဲဒီငွေက ထိုင်းမှာရှိတဲ့ လက်နက်မှောင်ခိုကနေတဆင့် လက်နက်တွေဝယ်ပြီးမှ အစိုးရကို ပြန်လည်တိုက်ခိုက်မှာပဲ proxy war မှာ အသုံးပြုပါမယ်ဆိုတာ အမေရိကန်အစိုးရက သိပြီးဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာ့တပ်မတော်ကို ဆန္ဒပြနေကြစဉ်
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက Burma Act ဆိုသော ပြဋ္ဌာန်းပါဝင်သည့် အမေရိကန်အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အတည်ပြုခဲ့ပြီးနောက် မြန်မာနိုင်ငံအရေးမှာ အမေရိကန်မှ ပိုမို စွက်ဖက်လာခဲ့သည်။
အဆိုပါ ဥပဒေအရ မြန်မာပြည်ကို အကူအညီပေးမည့် အစီအစဉ်ပါဝင်ခဲ့ကြောင်း၊ ထိုအစီအစဉ်အရ မြန်မာ့ တပ်မတော်အား တိုက်ခိုက်နေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို နည်းပညာပိုင်းနှင့် လက်နက်မဟုတ်သည့် အကူအညီများပေးရန် ထည့်သွင်းထားသည်။
အမေရိကန်အနေဖြင့် တရုတ်ကို ထိန်းရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့အား ပံ့ပိုးမှုရှိနေ ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြော သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မြန်မာ့တပ်မတော်ကို ဆန္ဒပြနေကြစဉ်
၎င်းက “ဒီဟာတော့ ရှိနေတယ်၊ အရင်လည်း ရှိတယ်လေ၊ အခုလည်း ရှိဦးမှာ၊ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် တရားဝင် ယူကရိန်းလိုမျိုးတော့ သူက လုပ်လို့မရဘူးလေ၊ သူ့အနေနဲ့ လျှို့ဝှက်တဲ့ နည်းနဲ့တော့ လုပ်နေတာပဲ၊ တရုတ်ကို ထိန်းဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO အဖွဲ့တချို့ ပံ့ပိုးပြီး လုပ်တဲ့ကိစ္စတွေ မသိမသာ လုပ်နေတာတော့ ရှိတယ်၊ ဒါပေမဲ့ ကျနော်မြင်တာကတော့ ယူကရိန်းလိုကတော့ ပေါ်ပေါ်ထင်ထင် ထောက်ပံ့တာတို့ ပေါ်ပေါ် ထင်ထင် အားပေးတာတို့ ပေါ်ပေါ်ထင်ထင် ကူညီတာတို့ကတော့ အမေရိကန်အနေနဲ့တော့ မလုပ်နိုင်လောက် ဘူးလို့၊ လုပ်လို့လည်း မသင့်ဘူးပေါ့နော်၊ အဲဒီလိုတော့ မြင်တယ်လေ” ဟု ပြောသည်။
အမေရိကန်အနေဖြင့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာသော တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ၎င်း၏ အိမ်နီးချင်း ဖြစ်သော မြန်မာနိုင်ငံကို မတည်ငြိမ်မှုများဖြစ်ရန် လုပ်ဆောင်မှုများ ရှိနေသည်ဟု မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 2269
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) တာဝန်ကို ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက် စားမှုဖြင့် ဖယ်ရှားလိုက်ပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို အစားထိုး ခန့်အပ်တာဝန်ပေးလိုက် ကြောင်း သတင်းများထွက်ပေါ်နေသည်။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် တပ်မတော်(ကြည်း)တွင် နံပါတ် ၄ အဆင့်ရှိသူဖြစ်ပြီး နစကတွင် နံပါတ် ၅ အဆင့် ရှိသူဖြစ်၍ သြဇာကြီးသော စူပါဗိုလ်ချုပ်ကြီးဟု ပြင်ပလောကတွင် တင်စား ခေါ်ဝေါ်ကြသည်။
နစက အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ်က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံရသူလည်း ဖြစ်သည်။
ထို့နောက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် ထိတွေ့ဆက်ဆံရာမှာ အဂတိလိုက်စားမှုရှိသည်ဟုဆိုကာ စစ်ဆေးခဲ့ပြီးနောက် ၎င်း တာဝန်ယူထားသော ရာထူးတာဝန်များကနေ နုတ်ထွက်သွားခဲ့ရသည်။

နစက ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နုတ်ထွက်သွားသည့် နေရာများဖြစ်သော နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့မှာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစားထိုး ခန့်အပ်တာဝန် ပေးခဲ့သလို နစကအဖွဲ့ဝင်မှာလည်း ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်ကြီးမောင်မောင်အေးအား အစားထိုး ခန့်အပ်ခဲ့သည်။
ထို့အပြင် တပ်မတော်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးကနေလည်း နုတ်ထွက်ခဲ့ရပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။
တပ်မတော်စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာကို တာဝန်ယူမည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ဆင်းဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသလို စစ်ထောက်ချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။
တပ်မတော်နှင့်နီးစပ်သူ တချို့ကတော့ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်မတော်စစ်ဦးစီးအရာရှိချုပ် (ကြည်း)အဖြစ် ခန့်အပ်ကြောင်း သတင်းများကြားရသလို ဖြစ်နိုင်ချေ များကြောင်း CNI သတင်းဌာနသို့ ပြော သည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1403
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
ပအိုဝ်းပြည်နယ် ပေါ်ပေါက်လာရေးအတွက် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) မှ အတွင်းရေးမှူး (၂) ခွန်ဝေထွန်းက CNI သတင်းဌာနသို့ ပြော သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပအိုဝ်းသည်လည်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် တစ်ခုအနေဖြင့် ပါဝင်ရန် ရည်မှန်းကြောင်း ၎င်းက ပြောသည်။
PNFC မှ အတွင်းရေးမှူး (၂) ခွန်ဝေထွန်းက “ယနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအင်အားစု အသီးသီးတွေရဲ့ တစ်နိုင်ငံလုံး တော်လှန်ရေးရဲ့ ရည်မှန်းချက်သည် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။ အဲဒီမှာမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည် ဆောက်တဲ့ နေရာမှာ ပြည်နယ်ပေါင်းစု ပြည်ထောင်စုအနေနဲ့ ဖွဲ့စည်းနိုင်ရေးနဲ့ ပအိုဝ်းပြည်နယ်သည်လည်းပဲ ပြည်ထောင်စု အဖွဲ့ဝင် ပအိုဝ်းပြည်နယ် တစ်ခုအနေနဲ့ နိုင်ငံရေးအရ တန်းတူညီမှုရယ် လူမျိုးရေးအရ တန်းတူညီမှု ကို အခြေခံတဲ့ ဖက်ဒရယ်မူအရ ပအိုဝ်းပြည်နယ် ပေါ်ပေါက်လာရေးအတွက် မျှော်မှန်းပြီးတော့မှ ကြိုတင်ပြင်ဆင် ခြင်း လုပ်ငန်းစဉ်တစ်ခု အနေနဲ့ ကျနော်တို့ ချမှတ်ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို တွေ့ရစဉ်
ပအိုဝ်းပြည်နယ်ဖွဲ့စည်းရေးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသများ အဓိကပါဝင်မှာဖြစ်ကြောင်း၊ ပအိုဝ်းလူမျိုး များ နေထိုင်ရာ မွန်ပြည်နယ်၊ သထုံဒေသ အပါအဝင် အခြားဒေသများမှာ အမျိုးသားဒေသ (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေ စသဖြင့် ဖြစ်လာမှာဖြစ်ကြောင်း၊ သို့သော်လည်း ပအိုဝ်းလူထု ဆန္ဒနှင့်အညီသာ ဆောင်ရွက် ကြရမှာဖြစ်ကြောင်း ၎င်းက ပြောသည်။
ပအိုဝ်းပြည်သူများ၏ နိုင်ငံရေးအန္တိမ ရည်မှန်းချက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ အာမခံချက်ရှိသော ပအိုဝ်းပြည်နယ်တစ်ရပ် ပေါ်ပေါက်လာရေးဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျရောက်သော ပအိုဝ်းအမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ် PNFC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ပအိုဝ်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပအိုဝ်းအမျိုးသား ဒေသများဆိုင်ရာ ပြုစုရေးဆွဲရေး လုပ်ငန်း စဉ်ကို အကောင်အထည်ဖော်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ဖော်ပြထားသည်။

-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးကိုတွေ့ရစဉ်
အခြားသော လူမျိုးစုများလည်း ပြည်နယ်ဖွဲ့စည်းရန် တောင်းဆိုထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လုပ်ရင်လည်း ဖြစ်ချင်မှ ဖြစ်မှာလေ ဒါက။ ရှမ်းနီ တိုင်းလျန်ကလည်း သူတို့ ရှမ်းနီပြည်နယ် လုပ်နေတာပဲ လေ၊ မဟုတ်ဘူးလား၊ ရှမ်းနီပြည်နယ်ကလည်း သူက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် သူတို့ကလည်း လုပ်နေတာ ပဲလေ၊ ဒါက ဖွဲ့စည်းပုံအရပဲ သူတို့ သွားရမှာပဲလေ၊ “ဝ”လည်း “ဝ”ပြည်နယ် လိုချင်တာပဲလေ၊ ရှမ်းနီလည်း လိုချင် တာပဲလေ၊ ဒါကတော့ အခြေခံဥပဒေအရပဲ ဖြစ်သွားမှာပါ၊ အခြေခံဥပဒေအရ တစ်ပြည်လုံးရဲ့ ဆန္ဒကိုလည်း ယူရဦး မယ်ဆိုတော့ ပြောစရာဆိုလို့ရှိရင် အများကြီးပြောရမှာ လွယ်လွယ်နဲ့ ဖြစ်မှာ မဟုတ်ဘူးလေ ဒါက” ဟု ပြောသည်။
ပအိုဝ်း အပါအဝင် ရှမ်းနီ၊ တအာင်း (ပလောင်)နှင့် ‘ဝ’ တို့သည် ပြည်နယ်သစ်များ ဖွဲ့စည်းပေးရန် တောင်းဆိုမှုများ ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံကို တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း ၁ ခု၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ၁ ခု စသဖြင့် ဖွဲ့စည်းထားသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1033
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်မှာ မြန်မာ့တပ်မတော်က ဒေသတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ရန်အတွက်ဟုဆိုကာ ဒေသခံများကို စုစည်း၍ ပြည်သူ့စစ်သင်တန်းများ ပေးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ လှုပ်ရှားကာ မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွား လျက်ရှိသည်။
ထို့နောက် မြန်မာ့တပ်မတော်က ဒေသတည်ငြိမ် အေးချမ်းရေးအတွက် မိမိရပ်ရွာ ကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းရန် သင်တန်းများ ပေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1000
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ မြဝတီဘဏ်ကို PDF အဖွဲ့မှ ယနေ့ (စက်တင်ဘာ ၂၆ ရက်) နေ့လယ်ပိုင်းက လာရောက် ပစ်ခတ်ခဲ့သည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် ဘဏ်ဝန်ထမ်းတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1327
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၆
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးခြင်း (၈)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
NCA နှစ်ပတ်လည် အခမ်းအနား ကျင်းပနိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က နေပြည်တော်မှာ အစည်းအဝေး ကျင်းပခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် NSPNC ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NCA (၈) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့်ပတ်သက်သည့် မူဝါဒများကို ရှင်းပြခဲ့သလို အတွင်းရေးမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အခမ်းအနား ကျင်းပမည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့က NCA နှစ်ပတ်လည် အခမ်းအနားကျင်းပနိုင်ရေး NSPNC က အစည်းအဝေး လုပ်နေစဉ်
ထို့နောက် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ဖိတ်ကြားရေးနှင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းပြခဲ့သလို ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အခမ်းအနား ကျင်းပရာတွင် အစီအစဉ်တကျ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းပြခဲ့သည်။
NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ KNU/KNLA-PC၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က လက်မှတ်ထိုးခဲ့ သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။
အဆိုပါ NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ထဲမှ KNU၊ CNF၊ ABSDF တို့ သည် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1298
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း မပါဝင်တော့သည်ကို တွေ့ရသည်။
ယနေ့ (စက်တင်ဘာ ၂၅ ရက်)တွင် နစကကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာမှာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို အစားထိုး တာဝန်ပေး လိုက်သည်ကို တွေ့ရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးညိုစောကို အစားထိုး တာဝန်ပေးလိုက် ကြောင်း တွေ့ရသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1100
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
နစက၏ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ်က ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကို အနားပေးလိုက်ပြီး စစ်ဘက်မူလတာဝန်များသာ ပြန်လည် ထမ်းဆောင်စေကြောင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့သည်။
အလားတူ ဦးအောင်နိုင်ဦး၏ နေရာမှာ ဦးထွန်းအုံကို အစားထိုး ခန့်အပ် တာဝန်ပေးလိုက်သည်။
#ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် #ဦးအောင်နိုင်ဦး #အနားပေး #နိုင်ငံရေး #CNImyanmar #cninews
- By CNI
- Category: နိုင်ငံရေး
- Hits: 1154
CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီးတွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)နှင့် ကချင်လွတ်လပ်ရေးတပ် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား စက်တင်ဘာ ၂၄ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
နောင်ပိုအောင်ကျေးရွာအနီး ကင်းစေတီတောရကျောင်းဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရှိရသေးကြောင်း နောင်ပိုအောင် ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနေ့ကည ဟုတ်တယ်၊ ကင်းစေတီဖက် မနေ့က ညနေပိုင်းလား မသိဘူး။ မိုးကတော့ နည်းနည်းမှောင်နေ ပြီ။ ၁၀ နာရီလောက်ထိ မရောက်သေးဘူး။ ၁၀ နာရီ အဲဒီလောက်ပါ့၊ အကြီး (လက်နက်ကြီး)နဲ့ ထုနေကြတာကို။ ထိခိုက်မှုအခြေအနေ ကင်းစေတီမှာ ပစ်တဲ့ဟာတော့ မသိတော့ဘူး။ ဒီနားပစ်တဲ့ဟာက ၂ ယောက်ထိတယ်၊ မနေ့ က ပစ်တဲ့ဟာ အော်သော်မှာ မသေဘူး သေတာတော့။ တစ်ယောက် ခြေထောက်မှာ တစ်ယောက်ကတော့ မျက်နှာလား မသိဘူး။ မိုင်းထိတာလား ဘာလား မသိဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက် ညပိုင်းက စတင်ကာ ကင်းစေတီအနီးတွင် စတင်ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာရှိ SNA စခန်းကို KIA-PDF တို့က လာရောက် တိုက်ခိုက် ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

SNA နဲ့ KIA-PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်တဲ့နေရာကိုတွေ့ရစဉ်
လွှစင်ကုန်းကျေးရွာရှိ SNA တပ်စခန်းကို ခန္တီးခရိုင်တပ်ရင်း (1) ၊ HPDF -124၊ HPDF -မိုးကြိုး စသည့် မဟာမိတ် တပ်ဖွဲ့ (၃) ဖွဲ့မှ စက်တင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စခန်းအား သိမ်းပိုင်နိုင်ခဲ့ပြီး HPDF 124 မှ တစ်ဦးသေဆုံးခဲ့ကြောင်း၊ သို့သော် တစ်ဖက်အဖွဲ့အစည်းက စစ်ကူရောက်လာ၍ မိမိတို့ ပြန်ဆုတ်ခဲ့ကြောင်း HPDF 124 က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း လွှစင်ကုန်းတွင် နေအိမ် ၃ လုံးခန့် လက်နက်ကြီး ထိမိခဲ့သလို ရေကန်မြောက်ရွာတွင် နေအိမ်နှစ်လုံး ထိမိ ပျက်စီးသွားပြီး အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
လက်ရှိတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)က နောင်ပိုအောင်စံပြကျေးရွာအနီးက လွှစင်ကုန်း၊ ကွေ့ကြီး နှင့် အောင်းပင်ကျေးရွာများကို နယ်မြေရှင်းလင်းရေး လုပ်ကာ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်။
စက်တင်ဘာ ၂၄ ရက်နေ့က SNA နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲနှစ်နေရာ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ (စက်တင်ဘာ ၂၅ ရက်)မှာတော့ နှစ်ဖက်အဖွဲ့အစည်းများ ငြိမ်နေပြီး တိုက်ပွဲ ပြန်ဖြစ်နိုင်ချေရှိကြောင်း ဒေသခံ တစ်ဦးက ရှမ်းနီဘာသာစကားဖြင့် CNI သတင်းဌာနသို့ ပြောသည်။

HPDF-124 ရဲဘော်ကို တွေ့ရစဉ်
၎င်းက “ဒီနေ့ကတော့ မကြားရသေးဘူး။ မနေ့ကတော့ နှစ်နေရာ ဖြစ်တယ်လို့ကြားတယ်၊ နောင်ပူအောင် (နောင်ပိုအောင်)နဲ့ ကင်းစေတီကြားမှာ ပေ ၁၀၀ လမ်းလို ပြင်ထားတာ ရှိတယ်၊ အဲဒီမှာနဲ့ အော်သော်မှာ ဖြစ်တာ။ ထိခိုက်တာတော့ မကြားမိသေးဘူး။ အော်သော်က လွှစင်ကုန်းပြီးရင် အောင်ပင်၊ အောင်ပင်ပြီးရင် အော်သော်ပဲ၊ တောင်တက်ခါနီး လမ်းလေ၊ တောင်ခြေမှာ ညာဖက်ကွေ့ဝင်သွားတဲ့နေရာ၊ အဲဒီနေရာနဲ့ ကင်းစေတီအဝင် နှစ်နေရာ” ဟု ပြောသည်။
ထို့အတူ တိုက်ပွဲဖြစ်ပွားနေသောကြောင့် နောင်ပိုအောင်-ပင်ခုတ်-နန့်နမ့်-ဖောင်းပြင် လမ်းများကို အသုံးမပြုရန် HPDF 124 က သတိပေး ထုတ်ပြန်ထားပြီး လိုက်နာမှုမရှိဘဲ တစ်စုံတစ်ရာဖြစ်ပွားခဲ့ ပါက တာဝန်ယူမည် မဟုတ် ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင်လည်း နောင်ပိုအောင်၊ လွှစင်ကုန်းကျေးရွာများကို အသွားအလာ ပိတ်ထားကြောင်း၊ နောင်ပိုအောင် ဥရုချောင်းကူးတံတားကိုလည်း ပိတ်ထားပြီး စက်တင်ဘာ ၂၈ ရက်မှ ပြန်ဖွင့်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်စံပြကျေးရွာအနီး လွှစင်ကုန်းနှင့် အောင်ပင်ကျေးရွာတို့တွင် SNA နှင့် KIA-PDF ပူးပေါင်းတပ်တို့အကြား ပြီးခဲ့သည့် ဇူလိုင်လအတွင်းက စတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းမှာ SNA နှင့် KIA-PDF တို့ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
