CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ယူကရိန်းနှင့် ရုရှားတို့ ဖြစ်ပွားနေသည့် ပဋိပက္ခ သည် မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားသည်ဟု တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပဋိပက္ခကို အခွင့်ကောင်းယူပြီး တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို လွမ်းမိုးရန် တရုတ်က လုပ်ဆောင် လာနိုင်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံအတွက်လည်း အန္တရာယ်ကြီးမားကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “အခုတရုတ်က အဲဒါကို ချောင်းနေတာ၊ ချောင်းနေတော့ အဲဒီပဋိပက္ခကြီး လာပေါ်လိုက်ရင်တော့ တရုတ်က သူ့အလုပ် သူဆက်လုပ်မယ့် သဘောရှိတယ်ဗျ။ ခပ်ဖိဖိလေးပေါ့ဗျာ။ တောင်တရုတ်ပင်လယ်မှာ ကြီးစိုးဖို့၊ အိန္ဒိယ သမုဒ္ဒရာကို လွမ်းမိုးဖို့၊ သူ့အလုပ်တွေ သူလုပ်စရာရှိတော့ ခါးပတ်တစ်ချောင်း၊ လမ်းတစ်ချောင်းစီမံကိန်းတွေက အခုဟာက အကြောင်းအမျိုးမျိုးကြောင့် သူက တစ်ဆို့နေတာကို။ အဲဒီပဋိပက္ခ ဥရောပတို့မှာ ကြီးသွားရင် သူက ဒီဖက်မှာ သူဩဇာ ထူ ထောင်ဖို့၊ သူ့အလုပ်သူ ဆက်လုပ်ဖို့ ပိုကောင်းသွားမှာပေါ့ဗျာ။ ကျနော်တော့ အဲဒီလိုတွက်တယ်ဗျ။ ကျနော်တို့ တိုင်းပြည် အတွက် အန္တရာယ်ပိုကြီးတယ်ဗျ။ သွယ်ဝိုက်တဲ့ နည်းနဲ့ပေါ့လေ၊ သွယ်ဝိုက်တဲ့နည်းနဲ့။ ကုလသမဂ္ဂက အစ၊ အမေရိကန်ကအစ အာရုံမစိုက်နိုင်တဲ့အချိန်မှာ တရုတ်က မြန်မြန်ဆန်ဆန် လုပ်သွားနိုင်တာရှိတယ်လို့ ကျနော်မြင်တယ်”ဟု ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပနေစဉ်

 

လက်ရှိတွင် ယူကရိန်းနိုင်ငံအတွင်းရှိ ရုရှားလိုလားသော လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် ခွဲထွက်ရေး နယ်မြေအတွင်း ကို ရုရှားတပ်များ ဝင်ရောက်ရန် ရုရှားသမ္မတ ပူတင်က အမိန့်ပေးခဲ့သလို ခွဲထွက်ရေး ဒေသ ၂ ခုဖြစ်သည့် ဒွန်ညှပ်နှင့်လုဟန် ဒေသတို့ကို လွတ်လပ်ရေး အသိအမှတ်ပြုကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများအနေဖြင့် တတိယကမ္ဘာစစ်နှင့် ကစားလိမ့်မည်ဟု မယူဆကြောင်း စာရေးဆရာ တစ်ဦးဖြစ်သူ ဦးထက်မြတ်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထက်မြတ်က “ယူကရိန်းအရေးမှာ ဘိုင်ဒန်က ကြောင်သွားတယ်လို့ ကျနော်ယူဆတယ်၊ ဘိုင်ဒန်ရဲ့ ခတ်ကြောင်ကြောင် အတွေးတွေနဲ့ တမင်ဖန်တီးယူတဲ့ လုပ်ကြံမှုလို့ ကျနော်ထင်တယ်၊ အခုချိန်မှာ ဘယ်လောက်ကြီးတဲ့ အင်အားကြီးတဲ့ ဘယ် စစ်ခေါင်းဆောင်မဆို ဘယ်တော့မှ တတိယကမ္ဘာစစ်နဲ့ ကစားလိမ့်မယ်လို့ ကျနော်မယူဆဘူး။ အဲဒီလောက် အတင်းရဲပြီးတော့ တစ်ကမ္ဘာလုံး ပြာကျသွားမယ့် လူဦးရေး သန်း ၇၀၀၀ မှာ သန်း ၆၀၀၀ ကျော် သေဆုံးသွားနိုင်တဲ့ ကမ္ဘာစစ်ကြီးကို ဘယ်သူမှ ဖန်တီးကြမှာ မဟုတ်ဘူး”ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံအနှံ့အပြားကို ချုပ်ခြယ်စိုးမိုးနေသည်မှာ အမေရိကန်သာဖြစ်ကြောင်း၊ ရုရှားမှာ နယ်ချဲ့သမားဟု မသုံးသပ် နိုင်ကြောင်း ၎င်းက ပြောသည်။

ရုရှားတပ်များရောက်လာ၍ ယူကရိန်းက ခွဲထွက်ရေး ဒေသမှာ မီးပန်းများပစ်ဖောက်နေ

 

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ယူကရိန်းမှာ အကယ်လို့ ရုရှားက ကျူးကျော်လို့ ဥရောပရော၊ နေတိုးရော၊ အမေရိကန်‌ရော အလုပ် ရှုပ်နေမယ်ဆိုရင် ကမ္ဘာစစ်လောက် နီးနီးပေါ့လေ၊ ကမ္ဘာတစ်ခြမ်းမှာ ဖြစ်မယ်ဆိုရင် ကျနော်စိုးရိမ်တာက တရုတ်က အဲဒါကို အခွင့်ကောင်းယူပြီးတော့ လုပ်ချင်တာ လုပ်လာလိမ့်မယ်ဗျ။ အရှေ့တောင်အာရှမှာရော၊ တောင်တရုတ်ပင်လယ်မှာရော၊ တရုတ်က လုပ်ချင်တာ လုပ်လာရင်‌‌‌တော့ ဗမာပြည်ကိုလည်း လာပြီး‌တော့ တိုက်ရိုက်ထိခိုက်မှာပဲ။ ဘယ်သူမှ တောင်မင်း မကယ်နိုင်၊ မြောက်မင်း မကယ်နိုင် အခြေအနေ ရောက်သွားနိုင်တယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ယူကရိန်းဒေသရှိ ခွဲထွက်ရေးနယ်မြေ ၂ ခုသို့ ရုရှားတပ်များ ဝင်ရောက်ရန် အမိန့်ပေးခြင်းနှင့် လွတ်လပ်ရေး အသိ အမှတ်ပြုကြောင်း ရုရှားသမ္မတပူတင်က လက်မှတ်ထိုး အမိန့် ထုတ်ပြန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ဆွေးနွေးလျက်ရှိနေသည်။