CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂

ကယားပြည်နယ်၊ မိုးဗြဲမြို့နယ်မှ တိုက်ပွဲရှောင်များအတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသခံ ပရဟိတ အသင်းများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကယားပြည်နယ်၌ ကုန်စည်စီးဆင်းမှုများ ရပ်တန့်လုနီးပါးဖြစ်ကြောင်း၊ တိုက်ပွဲများ လတ်တ လော ဖြစ်ပွားနေသည့် မိုးဗြဲမြို့သို့ ကုန်စည်တင်ကားများ မဝင်နိုင်ဘဲ ဖြစ်နေကြောင်း မိုးဗြဲမြို့နယ် ပရဟိတအသင်းမှ တာဝန် ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စားနပ်ရိက္ခာသယ်ဖို့ ကားတွေ မလာရဲကြဘူးလေ၊ ကုန်ကားတွေပေါ့နော်၊ အဓိကက စားနပ်ရိက္ခာသယ်တဲ့ ကုန်ကား တွေ အဝင်အထွက်တွေ လုပ်ရခက်နေတာပေါ့၊ ဘုန်းကြီးကျောင်းတွေမှာ တည်းနေတဲ့ စစ်ရှောင်တွေကအစပေါ့နော်၊ ဘုန်းကြီး ကျောင်းတွေမှာတောင် ဆန်တွေ၊ ဆီတွေ ပြတ်နေတဲ့ သဘောဖြစ်နေတာပေါ့။ မိုးဗြဲမြို့ပေါ် ပေါ့နော်။ မြို့ပေါ်မှာတော့ ငြိမ်နေ တယ်၊ ဖြစ်နေတာက မိုးဗြဲရဲ့ တောင်ဘက်နားလေးက သဲကူးတို့၊ ဖလိုင်တောင်ခြေတို့မှာ ဖြစ်နေတာပေါ့နော်။ ဝါရီဇူးဖလိုင် အဲဒီရွာတွေ ဘက်မှာပေါ့။ မိုးဗြဲရဲ့ တောင်ဘက်နားလေးပေါ့။ အဲဒီဘက်မှာတော့ တိုက်ပွဲလေးတွေ ဖြစ်တယ်၊ အဲဒီမှာဖြစ်နေတဲ့ နေရာမှာတော့ ရွာသားတွေ မရှိတော့ဘူး၊ အကုန်ပြေးကုန်ပြီ၊ သူတို့ လွတ်နိုင်တဲ့ နေရာတွေကိုပေါ့”ဟု ပြောသည်။

ထို့နောက် မိုးဗြဲမြို့အတွင်း တိုက်ပွဲရှောင်နေရသည့် တိုက်ပွဲရှောင်များတွင် ဖျားနာခြင်းနှင့် ဝမ်းရောဂါ ဖြစ်ပွားခြင်းများ ဖြစ်နေကြောင်း၊ ဆေးဝါး မလုံလောက်မှုဖြစ်နေကြောင်း တိုက်ပွဲရှောင်များကို ကျန်းမာရေးကူညီပေးနေသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

စွန့်ပစ် ဆေးဝါးများနှင့် စားသောက်ကုန်များကိုတွေ့ရစဉ်

၎င်းက “အခက်အခဲ အနေနဲ့တော့ ဒီမှာရှိတဲ့ ဖျားနာတာတွေ အတော်များ နေတယ်ခင်ဗျ အခုတော့လေ၊ ကလေးပိုင်းကော လူလတ်ပိုင်း အရွယ်တွေက အစပေါ့နော်၊ ဖျားနာပြီး နှာစေးချောင်းဆိုး၊ ဖျားနာတာတွေပေါ့။ အဲဒီလိုလေးတွေ တွေ့မြင်ရ တယ်ဗျ။ နောက်ပြီး ဝမ်းရောဂါပေါ့ အဓိကကတော့။ အခုဆိုရင် အခုလက်ရှိ ရောက်နေတဲ့ မြို့‌ပေါ် ဘုန်းကြီးကျောင်း တစ်ခု မှာဆိုရင် အခု ကျနော် စာရင်းကောက်ထားတာက ၆၀ ကျော်ရှိနေပြီခင်ဗျ။ ဒီမနက် ၁ နာရီအတွင်းပေါ့ ခဏလေးပဲပေါ့၊ ဒီကို လာပြီး စာရင်းကောက်နေတဲ့ အတွင်းမှာပေါ့၊ ပြီးတော့ ဗော်လံတီယာ ဆရာမနှစ်ယောက် လုပ်ပေးနေတယ်ခင်ဗျ၊ ဆေးဝါး ကုသမှုပေါ့နော်”ဟု ပြောသည်။

မိုးဗြဲမြို့နယ်အတွင်းမှာ ဆေးဝါးများ လိုအပ်နေသည်မှာ လနှင့်ချီကြာနေပြီဖြစ်ကြောင်း၊ ဆေးအရောင်းဆိုင်များက ဆေးဝါး များ သယ်လိုပါက သက်ဆိုင်ရာ၏ လက်မှတ်ပါမှ သယ်ခွင့်ရကြောင်း သိရသည်။

တိုက်ပွဲရှောင်များကို ကျန်းမာရေးကူညီပေးနေသူက အရင်ကတည်းက “တကယ်လို့ အရောင်းဆိုင်အနေနဲ့ဆို ဆိုင်ရှင်ကိုယ် တိုင် သွားပြီးတော့ လက်မှတ်ထိုးပြီးတော့ နှစ်ဦးနှစ်ဖက်ပေါ့နော်၊ တခြားကုမ္ပဏီ ရောင်းတဲ့ဟာ၊ ဥပမာထားပါတော့ တောင်ကြီးကုမ္ပဏီရောင်းတဲ့ဟာ မိုးဗြဲကနေပြီးတော့ မိုးဗြဲမှ မဟုတ်ဘူးပေါ့။ လွိုင်ကော်တစ်ဝိုက်ပေါ့နော်၊ မိုးဗြဲ လွိုင်ကော်၊ ဖယ်ခုံ တစ်ဝိုက်က ဆိုင်ပိုင်ရှင်တွေအနေနဲ့ ဆေးဝါးထောက်ခံချက်တွေ လုပ်ငန်းလိုင်စင်တွေနဲ့ သွားပြီးတော့ ပြန်ပြီးထုတ်ယူ တာတွေရှိတယ်၊ အဲ့လိုကျတော့ ကြာတော့ အဆင်မပြေဘူးဗျ ဆေးဝါးထုတ်ယူရတာ၊ အခုကျတော့ ပိုဆိုးသွားပြီပေါ့။ တိုက်ပွဲ တွေဖြစ် လမ်းကြောင်းတွေပိတ်တော့ ပိုပြီးတော့ ဆိုးသွားတာပေါ့၊ ဆရာမတွေဆိုရင်လည်း စုဆောင်းထားတဲ့ ဆေးတွေနဲ့ပဲ လည်ပတ်နေတာပေါ့နော် အခုက”ဟု ပြောသည်။

လက်ရှိတွင် မိုးဗြဲမြို့၌ တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး မြို့ခံ တစ်ဝက်နီးပါးခန့် မြို့ကိုစွန့်ခွာ၍ တိုက်ပွဲရှောင်နေကြရကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် လမ်းသွား လမ်းလာများကို နစက လက်အောက်ရှိ လုံခြုံရေးတပ်ဖွဲ့များက တင်းကြပ်လျက်ရှိ သလို ဆေးဝါးသယ်ယူမှုများကိုလည်း ကြပ်မတ်လျက်ရှိနေကြောင်း သိရသည်။