CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင် ဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်များနှင့်အတူ မိမိတို့ အတူတကွ ရပ်တည်ထောက်ခံကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီ(PPP)က ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အမှန်တရားအတွက် ဥပဒေနှင့်အညီ ရဲဝံ့စွာ ရင်ဆိုင်ဖြေရှင်းနေကြသော အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးနှင့်ကိုယ်စားလှယ် အဖွဲ့အားလည်းကောင်း၊ မြန်မာနိုင်ငံမှနေ၍ Online ဖြင့် ဦးဆောင်တက်ရောက်ပါသော နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်နှင့် အဖွဲ့အားလည်းကောင်း၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ဂုဏ်ပြုကြိုဆို၍ အတူတကွ ရပ်တည် ထောက်ခံပါသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ဘင်္ဂါလီလူမျိုးများကို လူမျိုးသုဉ်း သတ်ဖြတ်သည်ဟုဆိုကာ ICJ မှာ တရားစွဲဆိုထားခြင်း ကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၈ ရက်အထိ ICJ မှာ ဖြေရှင်းလျက်ရှိနေသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ထုတ်ပြန်ချက်

 

အဆိုပါ ကြားနာစစ်ဆေးမှုတွင် မြန်မာကိုယ်စားလှယ် ဦးကိုကိုလှိုင်က ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားစွဲဆိုခွင့်မရှိကြောင်း၊ ICJ အနေဖြင့်လည်း တရားစီရင်ပိုင်ခွင့်မရှိကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က ပထမဆုံး ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ ၂၂ ရက်တွင် မြန်မာဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ဒေါက်တာခရစ္စတိုဖာ စတိတ်ကာကလည်း ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC)ကိုယ်စား တရားစွဲခဲ့ခြင်းဖြစ်သည့်အတွက် ယခုလို တရားစွဲ၍ မရကြောင်း ထောက်ပြခဲ့သည်။

အလားတူ မြန်မာဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ကျန်ရှေ့နေများကလည်း ဂမ်ဘီယာနိုင်ငံသည် နစ်နာသည့် နိုင်ငံ မဟုတ်ကြောင်း၊ ၎င်းတို့၏ နိုင်ငံသားများ ထိခိုက်ခံရ၍ တိုင်ကြားသူ မဟုတ်ကြောင်း၊ ဘင်္ဂါလီများ ထိခိုက်နစ်နာသည်ဆိုသော် လည်း ဂမ်ဘီယာနိုင်ငံနှင့်တိုက်ရိုက် ဆက်စပ်ပတ်သက်မှုမရှိကြောင်း စသည့် အခြေအနေများကြောင့် တရားစွဲဆို ၍ မရဘူးဟု ကန့်ကွက်လွှာတင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြို့နယ် များမှ ရဲကင်းစခန်း ၃၀ ကျော်ကို အာဆာ(ARSA)က အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်း၍ လုပ်ခဲ့စဉ် နေအိမ်များ မီးလောင်ခြင်း၊ ဘင်္ဂါလီလူမျိုး သိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း၊ လူသေဆုံးမှုများပြားခြင်း စသည့် အခြေအနေများကြောင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံမှ လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ICJ မှာ တရားစွဲဆိုခဲ့သည်။