CNI International News
နယူးယောက်၊ ဖေဖော်ဝါရီ ၂၃
၁၉၉၀ ပြည့်နှစ်က ကူဝိတ်နိုင်ငံသို့ ကျူးကျော်မှုတွင် နစ်နာသူများအပေါ် အီရတ်မှလျော်ကြေးပေးဖို့ ကုလသမဂ္ဂ (UN) တောင်းဆိုချက်ကို အဆုံးသတ်ရန်အတွက် လုံခြုံရေးကောင်စီအတွင်း ဖေဖော်ဝါရီ ၂၂ ရက်၌ တညီတညွတ် တည်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
ယင်းတောင်းဆိုချက်အရ ဘဂ္ဂဒက်က စုစုပေါင်းလျော်ကြေးပေးရမည့်သူ ၁၅ သန်း အတွက် ဒေါ်လာ ၅၂ ဒသမ ၄ ဘီလီယံကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အေပီသတင်းအရ သိရသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ အဆိုပါလျော်ကြေးငွေကော်မရှင်အုပ်ချုပ်ရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန်သံအမတ် မိုက်ကယ်ဂါဖီက “မိမိတို့အဖွဲ့၏ လုပ်ဆောင်ချက်ကြောင့် လုံခြုံရေးကောင်စီအတွင်း ထိ ရောက်သော နိုင်ငံပေါင်းစုံဝါဒဖြင့် သမိုင်းဝင်အောင်မြင်မှုရခဲ့ပြီဖြစ်ကြောင်း” မဲခွဲဆုံးဖြတ်ပြီးနောက် လုံခြုံရေး ကောင်စီသို့ ပြောကြားခဲ့သည်။
“ဒီ လျော်ကြေးငွေအတွက် ဒေါ်လာ ၃၅၂ ဘီလီယံရဖို့ ကျနော်တို့ကော်မရှင်ဆီကို တောင်းဆိုချက်ပေါင်း ၂ ဒသမ ၇ သန်း တင်ပြခဲ့တာ လက်ခံရရှိပါတယ်။ အခု တောင်းဆိုသူ ၁ ဒသမ ၅ သန်းအတွက် ပေးအပ်တဲ့ငွေပမာဏက ဒေါ်လာ ၅၂ ဒသမ ၄ ဘီလီယံဆိုတော့ စုစုပေါင်းတောင်းဆိုချက်တွေရဲ့ ၁၅ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆက်ဒမ်ဟူစိန်၏တပ်များကို ချေမှုန်းခဲ့သည့် ပထမပင်လယ်ကွေ့စစ်ပွဲတွင် ကူဝိတ်ကို လွတ်မြောက်ချမ်းသာ စေခဲ့ပြီးနောက် ယင်းပဋိပက္ခအတွက် အီရတ်အနေဖြင့် ၎င်းရေနံတင်ပို့မှုမှ ရရှိသောငွေကြေး၏ ၁ ရာခိုင်နှုန်းကို ဖယ်ထားရန် ၁၉၉၁ ခုနှစ်၊ ဧပြီလတွင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်။
ကူဝိတ်နှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေးကို အသိအမှတ်ပြုသည့်အနေဖြင့် အီရတ်ကျူးကျော်မှုနောက်ပိုင်း လုံခြုံရေးကောင်စီက ချမှတ်ထားသော လိုအပ်ချက်များစွာအနက် စစ်ရေးတင်းမာမှုကို အဆုံးသတ်ရန် ကောင်စီ အတွင်း ထပ်မံမဲခွဲသောအခါ လျော်ကြေးပမာဏ ၅ ရာခိုင်နှုန်းပေးအပ်ရန် ၂၀၁၃ ခုနှစ်တွင် ထပ်မံဆုံးဖြတ်ခဲ့သည်။
အီရတ်အစိုးရသည် ကူဝိတ်အပေါ် မတရားကျူးကျော်မှု၏ တိုက်ရိုက်ရလဒ်ကြောင့် ဆုံးရှုံးနစ်နာမှုများ လျော်ပေး ရန် နိုင်ငံတကာတာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ UN လျော်ကြေးနှင့်ရန်ပုံငွေ စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ယခု ဖေဖော်ဝါရီ ၉ ရက်တွင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါကြောင်း မိုက်ကယ်ဂါဖီက ဆက်လက်ပြောကြားခဲ့သည်။
၁၉၉၀ ပြည့်လွန်နှစ်များက အီရတ် (သို့မဟုတ်) ကူဝိတ်မှ ထွက်ခွာရန် အတင်းအဓမ္မစေခိုင်းခံရသူများ၊ ဒဏ်ရာရ သူများ (သို့မဟုတ်) အိမ်ထောင်ဖက်၊ ကလေး (သို့မဟုတ်) မိဘသေဆုံးခဲ့ရသူများ (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးချင်းစီ ဆုံးရှုံးမှုများအတွက် ဒေါ်လာ ၁ သိန်းအထိ ပေးအပ်ရန် UN လျော်ကြေးနှင့်ရန်ပုံငွေ စီမံအုပ်ချုပ်ရေးကောင်စီက ဦးစားပေးခဲ့ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ယခုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆုံးဖြတ်ချက်သည် နိုင်ငံတကာအရေးဆိုမှုများ၏ဆင့်ကဲဖြစ်စဉ်တွင် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ်လည်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ချခဲ့သည်။
Source: AP