CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
မြန်မာနိုင်ငံကို ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက စွပ်စွဲ တရားစွဲဆိုထားခြင်း နှင့်ပတ်သက်ပြီး ICJ က စီရင်ခွင့်မရှိကြောင်း နစက၏ ကိုယ်စားလှယ် ဦးကိုကိုလှိုင်မှ ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)တွင် ကန ဦး ကန့်ကွက်လွှာ တင်သွင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ဂမ်ဘီယာနိုင်ငံ စွပ်စွဲတရားစွဲဆိုထားမှုကို ယနေ့(ဖေဖော်ဝါရီ ၂၁ ရက်)မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ကြားနာ စစ်ဆေးလျက် ရှိရာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နစက၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က သွားရောက် ဖြေရှင်းလျက်ရှိသည်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ICJ ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘော တူ စာချုပ်ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရားရုံးတွင် စီရင် ခွင့်မရှိ ကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့် မရှိကြောင်း ကနဦး ကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)သို့ တင်သွင်းခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက် ICJ မှာ ဦးကိုကိုလှိုင် လျှောက်လွှဲချက်တင်နေစဉ်
အဆိုပါ ကြားနာမှုကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၉း၀၀ နာရီတွင် စတင်လျက်ရှိပြီး မြန်မာနိုင်ငံ ကိုယ်စား လှယ်(Agent)ဖြစ်သူ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဤအမှုကို ဥပဒေ ကြောင်းအရ ICJ က လက်ခံကြားနာစစ်ဆေးရန် မသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများက မြန်မာနိုင်ငံက တင်သွင်းခဲ့သည့် ကနဦး ကန့်ကွက်ချက်များ နှင့်ပတ်သက်၍ တရားရုံးသို့ တင်ပြလျှောက်လဲသွားမည်ဖြစ်ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။