CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အာဆီယံအနေဖြင့် မြန်မာ့အရေး ဆွေးနွေးနေမှုများ တိုးတက်လိုပါက နစကကိုလည်း အသိအမှတ်ပြု၍ အာဆီယံ အစည်း အဝေးများသို့ ဖိတ်ကြား ဆွေးနွေးသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့် တွေ့ဆုံလိုပါက နစက ကို အသိအမှတ်ပြု ခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးမှသာ အောင်မြင်မှု ရနိုင်မည်ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်က “အာဆီယံရဲ့ ချဉ်းကပ်ပုံကို ပြန်ပြောင်းစေချင်တယ်၊ ဘယ်လို ပြောင်းစေချင်လဲဆိုတော့ တကယ် လို့များ ခုနကလို သူ့ရဲ့ ရည်မှန်းချက်ထဲမှာ NUG တို့၊ PDF တို့ကိုလည်း တွေ့ချင်တယ်ဆိုရင် ပထမဆုံး သူတို့ဖြစ်သင့်တာက အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကိုလည်းပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်သင့်တယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတိုင်းပေါ့ဗျာ။ နိုင်ငံတစ်ခုအနေနဲ့ အသိအမှတ်ပြုပြီးမှ ဖိတ်သင့်တယ်၊ အဲဒီလို တွေ့ဆုံ ဆွေးနွေးပြီးမှ နိုင်ငံခြားရေးဝန်ကြီးများပေါ့လေ၊ မြန်မာနိုင်ငံ အပါအဝင် တွေ့ဆုံဆွေးနွေးပြီးမှ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို ချဉ်းကပ်သင့်တယ်ဆိုတဲ့ မူကိုချသင့်တယ်၊ ခုနက အာဆီယံက တွေ့ချင်တယ်ဆိုတဲ့ ကဏ္ဍကိုလည်း ပထမဆုံး မြန်မာ နိုင်ငံကို ကိုယ်စားပြုတဲ့ ဦးဝဏ္ဏမောင်လွင်ကိုတွေ့ပြီးမှ ခုနက ကိစ္စ သေသေချာချာ ဆွေးနွေးအဖြေထုတ်သင့်တယ်၊ အဲဒီလို မဟုတ်ဘဲနဲ့ ဒီဘက်က တကယ့်လက်တွေ့မှာ နိုင်ငံတော်ကို စီမံကွပ်ကဲနေတဲ့ အိမ်စောင့်အစိုးရကို မျက်ကွယ်ပြုပြီးမှ အာဆီယံ ရဲ့ မူလ ပဋိညာဉ်ပါ သဘောထားကိုလည်းပဲ မျက်ကွယ်ပြုပြီးမှ ငါတို့ထင်သလို လုပ်မယ်ဆိုရင် အာဆီယံကြီးက အစိတ်စိတ် အမွှာမွှာကွဲမှာပဲ။ အဲဒီရည်မှန်းချက်ကလည်း အောင်မြင်ဖို့ အတော်နည်းပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကျင်းပစဉ်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နစကမှ နိုင်ငံရေး အစု အဖွဲ့မှ မဟုတ်သော ကိုယ်စားလှယ်ကိုသာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တက်ရောက်ခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ထို့နောက် နစကဘက်ကလည်း ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိဘဲ နေခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မလေးရှားနိုင်ငံနှင့် တခြား တစ်နိုင်ငံတို့က အာဆီယံအထူးကိုယ်စားလှယ်ကို NUG နှင့် တွေ့ဆုံ ဆွေးနွေးသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သလို အာဆီယံအထူးကိုယ်စားလှယ်ကလည်း NUG နှင့် တွေ့ဆုံခွင့်ပေးရန် နစက သို့ တောင်းဆိုထားကြောင်း သိရသည်။
သို့သော် နစကဘက်က NUG နှင့် CRPH အပါအဝင် လက်အောက်ခံ အဖွဲ့အစည်းများကို တွေ့ခွင့်မပေးနိုင်ကြောင်း၊ အထူး ကိုယ်စားလှယ်အား ယင်းသို့ အဖွဲ့အစည်းမျိုးဖြင့် ထိတွေ့ရန်အကြံပြုခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်းပါ မူများကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ထိပါးစေပြီး ယင်းအဖွဲ့ဝင် နှစ်နိုင်ငံက အာဆီယံအစည်း အဝေးများကို အသုံးချ၍ ထိုသို့ပြောဆိုခြင်းမျိုး မပြုလုပ်ရန်နှင့် အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချရန် ထပ်မံတိုက်တွန်းကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင် အာဆီယံဆိုင်ရာ မြန်မာနိုင်ငံအထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြား ရေးဝန်ကြီးလည်း ဖြစ်သူ ပရတ်ဆိုခွန်ကို ခန့်အပ်ထားကြောင်း၊ အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့် လပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်လျက်ရှိနေသည်။
အာဆီယံအထူးကိုယ်စားလှယ်ကိုတွေ့ရစဉ်
ဒေါက်တာအေးမောင်က “အဲဒါက မြန်မာနိုင်ငံရဲ့ လက်ရှိသွားနေတဲ့ လုပ်ငန်းစဉ်ကို အတားအဆီး မဖြစ်နိုင်ဘူးလို့ ထင်တယ်၊ လက်ရှိ မြန်မာနိုင်ငံက တစ်နှစ်ကျော်ပြီလေ၊ နောက် ၆ လ နှစ်ကြိမ်ကာလ ဒီအတိုင်းပဲသွားမှာပဲ အာဆီယံမကလို့ ကုလသမဂ္ဂ အပါအဝင် ဘာပဲပြောပြော သူသွားတဲ့ လမ်းကြောင်းကတော့ သူသွားနေမှာပဲ၊ တွေ့ချင်မှလည်းတွေ့မယ် တွေ့ချင်လည်း တွေ့ မယ်ပေါ့ဗျာ၊ ဘယ်သူက တားနိုင်မှာမို့လို့လဲ။ အဲဒီတော့ ဒီကြားထဲမှာ အလုပ်ဖြစ်စေချင်ရင်ဆိုတဲ့ သဘောနဲ့ ကျနော်တို့က ပြော တာပါ၊ သုံးသပ်တာပါ။ ခုနလို အာဆီယံလိုခင်ဗျား သူလည်းမဖိတ်ဘူး ငါပြောတာလည်း လုပ်ရမယ်ဆိုတာကတော့ ဒီအစိုးရ ဘယ်လုပ်မလဲဗျ၊ စာကလေး ထုတ်ရုံပဲရှိမှာပေါ့ဗျ။ သူလည်း သူ့နည်းသူ့ဟန်နဲ့ သူသွားမှာပဲ သူသွားချင်တဲ့ လမ်းကြောင်းကို ရ အောင် သွားမှာပဲ။ ကျနော်တို့ မြင်တာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီအတိုင်းပဲ ရှိတာကိုးဗျ၊ သဘောပြောတာပါ။ အဲဒီအတိုင်း သွားနေတယ်လို့ ပြောမှပေါ့။ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ဥပဒေတွေ ခင်ဗျားတို့ပြန်ကြည့် ကျနော်တို့ ပြန် ကြည့်ပေါ့၊ အာဆီယံကိုသူ ခဏတော့ သူမေ့ထားမှာပဲ”ဟု CNI သတင်းဌာနသို့ ပြောသည်။
တပ်မတော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား နှစ်ဖက် နိုင်ငံရေးအားပြိုင်နေပြီး အပြုတ်တိုက်ရေးလမ်းစဉ် ဖြစ်နေသည့်အတွက် အာဆီယံ၏ တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းမှု မဖြစ်နိုင်သေးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ)က CNI သတင်းဌာနသို့ ပြောသည်။
ဦးရဲထွန်းက “အဲဒီတော့ NUG က လူတွေကလည်း သိတယ်၊ ဒေါက်တာဇင်မာအောင်တို့ ပြောတဲ့အထဲမှာလည်းပါတယ်၊ အခု အချိန်က ဆွေးနွေးပွဲသွားဖို့ စကားဝိုင်းသွားဖို့ အချိန်မကျသေးဘူးဆိုတဲ့ဟာ သူတို့က လက်နက်ကိုင်တိုက်ပွဲနဲ့ တော်တော်ကို မှတ်လောက်သားလောက် ဖြစ်သွားပြီးတော့ နောက်ဆုံး ဟိုဟာဖြစ်တဲ့အခါကျမှ ငြိမ်းချမ်းရေးစကားဝိုင်းမှာ နိုင်ငံရေးစကား ပြောလာအောင်ထိ သွားအုံးမှာ။ အဲဒီတော့ အဲလို ကိုယ့်အချင်းချင်းမှာ သိနေတဲ့၊ ဘယ်ခြေလှမ်း လှမ်းမယ်ဆိုတာသိနေတဲ့ ဒီအဖွဲ့တွေကြားထဲမှာ ဝင်ပြီးတော့ စေ့စပ်ဆွေးနွေးပေးဖို့ဆိုတာက သိပ်မလွယ်လှဘူး၊ အဲတော့ နစကလည်း လက်ခံမှာ ဘူး၊ NUG ကလည်း ဒီအချိန်မှာ ဆွေးနွေးဖို့ အချိန်မတိုင်သေးဘူး ယူဆနေတာ” ဟု ပြောသည်။
လက်ရှိတွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူထားပြီး မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် နစကကို အာဆီယံက တိုက်တွန်းထားသည်။