CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁

လူမျိုးသုဉ်းသတ်ဖြတ်သည်ဟု စွပ်စွဲချက်ဖြင့် နိုင်ငံတကာတရားရုံး(ICJ)မှာ နိုင်ငံကိုယ်စားပြု အငြင်းပွားနေစဉ်ကာလ၌ မြန်မာ နိုင်ငံက သွားရောက်ဖြေရှင်းခြင်းသည် မည်သည့် အခြေအနေကနေ ဖြေရှင်းမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု တိုင်းရင်း သား လက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ မှာ ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်)တွင် မြန်မာနိုင်ငံကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုအပေါ် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း၊ ထိုကြားနား စစ်ဆေးမှုကို နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ (နစက)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ မြန်မာနိုင်ငံကိုယ်စားပြုခွင့် ရရှိရေး ကြိုးစား လျက်ရှိသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “တရားဝင်မှု ရမရတော့ မသိဘူး၊ တရားခံအဖြစ်တော့ သွားထုချေတဲ့ သဘောဖြစ်သွားမှာပေါ့၊ အဲတာ တော့ ဖြစ်ဖို့ ပိုများတယ်၊။ ဒါပေမယ့် သူတို့ကို ဘယ်အဆင့်နဲ့ မထုချေဖို့၊ ထုချေဖို့ပဲ ဖိတ်ခေါ်တယ်ဆိုရင်တော့ ကိုယ်က တရား ခံအဖြစ် စွပ်စွဲခံရမယ့် လူအနေနဲ့ သွားထုချေတာမျိုး ဖြစ်မှာပေါ့၊ အဲဒါကြောင့် ဘယ်လိုပုံစံမျိုးနဲ့ ခေါ်မလဲဆိုတာ ရှိတယ်လေ။ ဒေါ်အောင်ဆန်းစုကြည်တုန်းက သွားထုချေတယ်ဆိုတာက သူက တိုင်းပြည်ကို တရားစွဲတာကို State ကို တရားစွဲတော့ State ကိုယ်စားလှယ် အကြီးအကဲက သွားပြီးတော့ ဒါကို သွားထုချေပေးတာပေါ့၊ အခုကြ‌တော့ ကျနော်တို့မှာ State ကိုယ်စားလှယ်က တရားဝင်က မရှိသေးဘူး ဖြစ်နေတယ်၊ မရှိသေးတော့ အခုသွားထုချေတာကို လက်ခံမယ်ဆိုရင် ဘယ်လို ပုံစံ လက်ခံမလဲပေါ့။ ဥပမာ တပ်မတော်နဲ့ အရင်ပြစ်မှု ကျူးလွန်ထားတဲ့ကိုယ်စား လာပြီးတော့ ဖြေရှင်းသလား၊ သို့တည်း မဟုတ် State ဆိုတဲ့ နိုင်ငံရေးအစုအဖွဲ့က လာပြီးတော့ ဖြေရှင်းသလားဆိုတဲ့ မေးခွန်းတော့ ရှိတယ်၊ အဲဒီမေးခွန်းအပေါ်မှာ ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

အဆိုပါ ကြားနာမှုကို နစက၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် ရှေ့နေချုပ် ဒေါ်သီတာဦး တို့ ဖြေရှင်းရန် နယ်သာလန်နိုင်ငံသို့ ထွက်ခွာသွားပြီးဖြစ်ကြောင်း၊ တစ်ဖက်မှာလည်း NUG က ဦးကျော်မိုးထွန်းကို မြန်မာ ကိုယ်စားပြုသူအဖြစ် အဆိုပြုထားကြောင်း သိရသည်။

စာရေးဆရာ ဦးထက်မြတ်ကတော့ ယခင်ကြားနာစစ်ဆေးစဉ်က ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက်များကို ပြန်ရုပ်သိမ်း ကြောင်း NUG ၏ ကြေညာထားသည့်အပေါ် ICJ မှ တုန့်ပြန်မှုကို စောင့်ကြည့်ရလိမ့်မည် ပြောသည်။

ရှေ့နေချုပ် ဒေါ်သီတာဦးကိုတွေ့ရစဉ်

စာရေးဆရာ ဦးထက်မြတ်က “အရင်အစိုးရရဲ့ ကိုယ်စားအဖြစ်နဲ့ပဲ အသိအမှတ် ပြုလိမ့်မယ်ထင်တယ်၊ နောက်ပိုင်းမှာမှ ဒီကိစ္စ တွေက သူတို့ နိုင်ငံ တကာနဲ့ ဆက်စပ်ပြီးတော့ NUG က ကြိုးစားသင့်တယ်လို့ ထင်တယ်၊ အခုလောလောဆယ်တော့ အဲဒီ ဥစ္စာကတော့ သူတို့ကပဲ အသိအမှတ်ပြုပြီး သူတို့ပဲ ဖြစ်လိမ့်မယ်၊ ဒါပေမယ့် တစ်ခုရှိတာက‌‌‌တော့ NUG က တင်လိုက်တဲ့ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက်တွေဟာ မှားတယ်၊ ပြန်ပြီးတော့ ပြောင်းပါတယ်ဆိုတာကို သူတို့ ဘယ်လို သဘောထားမလဲ ကြည့်ရမှာပေါ့။ အဲသဘောထားက သူတို့က ဟုတ်တယ်၊ NUG တင်သွင်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို အသိအမှတ်ပြုတယ်ဆိုရင် သူ နစကကို အသိအမှတ်ပြုဖို့ မသေချာဘူး။ ပြန်စဉ်းစားကြည့် ရလိမ့်မယ်၊ တကယ်လို့ အသိအမှတ် မပြုဘူးဆိုရင် နစကကို တရားဝင်အစိုးရ အဖြစ်နဲ့ သူတို့ အသိအမှတ် ပြုရာရောက်တယ်လို့ ယူဆရ လိမ့်မယ်ထင်တယ်”ဟု ပြောသည်။

လက်ရှိ ICJ မှာ မြန်မာအရေး ကြားနားမှုကို ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ကြားနာစစ်‌ဆေးမည် ဖြစ် ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း ၃၀ ကို ARSA (အာဆာ)အဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်စဉ် ဘင်္ဂါလီများ သေဆုံးခြင်း၊ နေအိမ်များ မီးလောင်ခြင်း၊ ဘင်္ဂါလီများ သိန်းနှင့်ချီ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း စသည့် အခြေအနေများကြောင့် ဂမ်ဘီယာနိုင်ငံက လူမျိုး သုဉ်း သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို တရားစွဲထားသည်။