CNI International News
နီယာမေ၊ ဖေဖော်ဝါရီ ၂၁
ဓားပြများကို ပစ်မှတ်ထားပြီး နိုင်ဂျီရီးယားစစ်တပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ရာ နိုင်ဂျာနိုင်ငံအတွင်းရှိ နာချာဒီကျေးရွာမှ ကလေးသူငယ် ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံမီဒီယာများက ပြောကြားခဲ့သည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် တွေ့ရ သည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း မတော်တဆ ထိခိုက်သဖြင့် နောက်ထပ်လူ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ဂျာနိုင်ငံ၊ မာရာဒီဒေသအုပ်ချုပ်ရေးမှူးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။
ကလေး ၇ ဦးအနက် ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ကျန် ၃ ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း အုပ်ချုပ် ရေးမှူး ချိုင်ဘူးအဘူဘာကာက ပြောကြားခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နာချာဒီကျေးရွာတွင် ထိခိုက် ပျက်စီးခဲ့ကြောင်း နိုင်ဂျာနိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။
ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု စတင်နေပြီဟု နိုင်ဂျီရီးယားအစိုးရ တာဝန်ရှိသူများက ပြောသည်။
သေဆုံးသွားသော ကလေးများ၏ မိဘများသည် အခင်းဖြစ်စဉ် အခမ်းအနားတစ်ခုသို့ တက်ရောက်နေကြောင်း၊ လေကြောင်းမှ တိုက်ခိုက်စဉ်အတွင်း အဆိုပါ ကလေးသူငယ်များ ဆော့ကစားနေဟန်ရှိကြောင်း အဘူဘာကာက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနဲ့နိုင်ဂျာ မြေပုံကိုတွေ့ရစဉ်(BBC)
တိုက်ခိုက်ရေး လေယာဉ်များသည် နှစ်နိုင်ငံ နယ်စပ်တစ်ဝိုက်ရှိ လက်နက်ကိုင် ဆိုးသွမ်းနေသည့် ဓားပြဂိုဏ်းကို ပစ်မှတ်ထား သည်ဟု ယုံကြည်ရသော်လည်း ၎င်းတို့ပစ်မှတ်များ လွဲချော်ကာ မာဒါရောင်ဖာဒေသရှိ ကျေးရွာတစ်ရွာဖြစ်သော နာချာဒီ ကျေးရွာကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း အဘူဘာကာက ဆက်လက် ပြောကြားခဲ့သည်။
နိုင်ဂျာနှင့် နိုင်ဂျီးရီးယား နှစ်နိုင်ငံအစိုးရများသည် ဒေသတွင်း ပြန်ပေးဆွဲမှုများနှင့် သတ်ဖြတ်မှုများ တဟုန်ထိုးများပြားနေ ခြင်းအတွက် လက်နက်ကိုင် ဒုစရိုက်ဂိုဏ်းများအပေါ် ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိကြသည်။
၂၀၁၈ ခုနှစ်ကတည်းက နိုင်ဂျာအစိုးရသည် အဆိုပါဂိုဏ်းများ နယ်စပ်ကျူးကျော်လာခြင်းကို တားဆီးရန်အတွက် နိုင်ဂျီးရီးယားနှင့် ၎င်း၏ နယ်စပ်တလျှောက် စစ်ရေးကင်းလှည့်များကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
နိုင်ဂျာနိုင်ငံ၊ မာရာဒီမြို့ စာသင်ကျောင်း တစ်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အသက် ၅ နှစ်မှ ၆ နှစ်ကြားရှိ ကလေး ၂၆ ဦး သေဆုံးပြီးနောက် ၃ လအကြာ ယခုကလေးငယ် ၇ ဦးသေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Source: BBC