CNI Article News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
၁၉၅၀ ပြည့်လွန်နှစ်များက ယီမင်နိုင်ငံရှိ ၎င်းတို့၏ မိသားစုများကို စွန့်ခွာပြီး ဗြိတိန်ပိုင် စက်ရုံများတွင် ဆယ်စုနှစ်များစွာ လုပ် ကိုင်ခဲ့ကြသည့် ထောင်နှင့်ချီသော အမျိုးသားများသည် စစ်ဘေးဒဏ်သင့် ယီမင်မွေးရပ်မြေသို့ မပြန်မီ ၎င်းတို့၏ ပင်စင်လစာ များကို ဗြိတိန်ဘက်မှ ရှင်းလင်းချက်မပေးဘဲ ရပ်တန့်လိုက်သည့်အခါ ထိုပင်စာလစာများ ရရှိရေး နေ့စဉ်ရုန်းကန် တိုက်ပွဲဝင် နေကြကြောင်း သိရသည်။
ယီမင်တွင် (၇)နှစ်ကြာ ပဋိပက္ခနှင့် အငတ်ဘေးတို့ကြားတွင် အဆိုပါ အမျိုးသားများသည် Windrush နှင့် ဆင်တူသည့် အရှုပ် တော်ပုံတစ်ခုတွင် ငွေပေးချေမှုများ ပြန်လည်ရရှိရန် ရုန်းကန်နေကြပုံကို ဘီဘီစီ သတင်းဌာနသို့ ပြောပြသည်။
“ကျနော် ဗြိတိန်မှာ ရှိစဉ်တုန်းက အကျိုးခံစားခွင့် ဒါမှမဟုတ် အာမခံ ဘာတစ်ခုမှ မတောင်းခဲ့ဘူး။ ကျနော့်ရဲ့ နဖူးကချွေး ခြေမအထိကျအောင် အားထုတ်ခဲ့ပါတယ်။ အခု ဘာကြောင့် ဒီလိုရစရာရှိတာတွေ မရတာလဲဆိုတာ ကျနော် မသိပါဘူး” ဟု သာဘတ်မူသန်နာဂျူဘရန်း (Thabet Muthanna Jubran) က ပြောပြသည်။
သူသည် ၁၉၆၇ ခုနှစ်တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိလာပြီး ဘဝတူ ယီမင်နိုင်ငံသားများကဲ့သို့ပင် ဘာမင်ဂမ် စက်မှုမြို့လယ်တွင် အခြေစိုက်သော မော်တော်ဆိုင်ကယ်နှင့် စက်ကိရိယာများ ထုတ်လုပ်သည့် Small Heath ရှိ အသေးစား လက်နက်စက်ရုံတွင် အလုပ် စတင်လုပ်ကိုင်ခဲ့သည်။
ယီမင်နိုင်ငံသည် ၁၈၃၉ ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်မှုအောက် ပထမဆုံး ရောက်ရှိခဲ့သည်။ ဗြိတိန်ကို “မိခင်နိုင်ငံ” အဖြစ် မြင် သော ဂျူဘရန်းသည် စက်ရုံ အလုပ်ရုံများအပြင် စိုက်ပျိုးရေး ဘက်တွင်လည်း ဗြိတိန်အစိုးရအတွက် ပါဝင်လုပ်ကိုင်ပေးခဲ့ သည်။ သို့သော် ယီမင်တွင် အငြိမ်းစားယူပြီးနောက် ၎င်းအတွက် ရစရာ ပင်စာလစာငွေများမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကြိုတင် အကြောင်းကြားမှုမရှိဘဲ ရပ်တန့်သွားခဲ့သည်။ ဗြိတိန်အစိုးရထံမှ အဖြေတစ်စုံတစ်ရာ မရရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ahmed Alawi Saleh Al-Yafei သည် ငွေပေးချေမှုများကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေသူများထဲတွင် ပါဝင်ပါသည်(BBC)
ထိုသို့ ခံစားရသည်မှာ သူတစ်ယောက်တည်းတော့ မဟုတ်။ ဗြိတိန်အစိုးရထံမှ ပင်လစာ တစ်ပြားတစ်ချပ်မှ မရသည့် အမျိုးသားပေါင်း ၂,၅၀၀ ခန့်ရှိကြောင်း အခြားအမျိုးသားတစ်ဦးကို ဘီဘီစီကို ပြောပြသည်။ သူ့မှာလည်း ဆယ်စုနှစ် တစ်ခု အတွင်း မည်သည့်လစာမှ မရခဲ့ကြောင်း ရင်ဖွင့်သည်။
ယီမင်နိုင်ငံသား အဘိုးအိုများသည် ထိုအကြောင်းအရင်းကို ရှာဖွေရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသည်။ သူတို့၏ ယခင် အလုပ်ရှင်များကတော့ တာဝန်မဲ့ လွန်းလှသည်မှာ သေချာနေသည်။
စစ်ပွဲကြောင့် ယီမင်နိုင်ငံ၏ ချို့တဲ့မှုများနှင့် ဘဏ်လုပ်ငန်း နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ပေါင်းစပ်မှု၊ ဗြိတိန် အစိုးရ အာဏာပိုင်များ၏ တုံ့ပြန်မှုတို့ အရင်းခံဖြစ်ကြောင်း ဘီဘီစီ ရှာဖွေတွေ့ရှိခဲ့သည်။
"ပင်စင်မရစရာ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲဗျား” ဟု ဂျူးဘရန်းက ပြောသည်။
Thabet Muthanna Jubran က သူသည် 2019 ခုနှစ်ကတည်းက အခကြေးငွေမယူရသေးကြောင်း ပြောကြားခဲ့သည်(BBC)
“သူတို့က ကျနော်တို့ရဲ့ အခြေအနေကို အထူးသဖြင့် ကိုရိုနာဗိုင်းရပ်၊ စစ်ပွဲနဲ့ ဈေးနှုန်းကြီးမြင့်နေတာကို သိတယ်။ သူတို့က ကျနော်တို့ရဲ့ ပင်စင်လစာကို ဆက်မထုတ်ပေးဘူး။ ဒါက ဗြိတိန်ပါ။ တချို့လူတွေဆိုရင် သူတို့ရဲ့ ရစရာကို စောင့်ရင်း ... စောင့်ရင်း ဆုံးကုန်ကြပြီဗျာ။ သူတို့ရဲ့ ကျန်ရစ်သူ မုဆိုးမတွေကလည်း အသက်ကြီးနေပြီ။ အထူးသဖြင့် အဲဒီလိုမှီခိုသူတွေကို ဘယ်သူက လာထောက်ပံ့မှာလဲ" ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။
တာဝန်ပျက်ကွက်သော အစိုးရနှင့် အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်များအကြား စစ်ပွဲများ အရှိန်မြင့်လာသည် နှင့်အမျှ ယီမင်တွင် နေထိုင်မှုစရိတ်များ မြင့်တက်လာပြီး Covid ကူးစက်ရောဂါကြောင့် ပြည်သူများ ငတ်မွတ်နေခဲ့ရသည်။ ကုလသမဂ္ဂ၏ အဆိုအရ ယင်းသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ အကူအညီ သို့မဟုတ် အကာအကွယ် လိုအပ်နေကြောင်း သိရသည်။
အိမ်ထောင်စု အများစုအတွက် အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်ဈေးသည် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအထိ အဆမတန်တက်ခဲ့ကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေး ကော်မတီတစ်ခုက သတင်းထုတ်ပြန် ထားသည်။
ဗြိတိန်ရှိ အကြီးဆုံး အသိုင်းအဝိုင်းများထဲမှ တစ်ခုဖြစ်သည့် West Midlands ရှိ စန်ဝဲယီမင်အသင်း ၏ အမှုဆောင်အရာရှိချုပ် ရဂျစ်မူဖလီဟီသည် ယခုပင်စင် မရကြသည့် အမှုကိစ္စများအတွက် အလုပ်သမားဟောင်း ၅၀ ကျော်နှင့် ချိတ်ဆက်နေသည်။
“ဒီကိုလာပြီး အလုပ်လာလုပ်တဲ့ လူတွေက စက်မှုဇုန်တွေက သံမဏိ(စတီးလ်)လုပ်ငန်းတွေမှာ ဝင်လုပ်ကြတယ်။ သူတို့ တော် တော်များများဟာ စက်ရုံတွေမှာ နှစ်ပေါင်း ၃၀ မှ ၄၀ အတွင်း လုပ်ကိုင်ရင်း လုပ်ငန်းခွင်ဒဏ်ကြောင့် အကြားအာရုံ ဆုံးရှုံးတာ (ဒါမှမဟုတ်) ခြေလက်အင်္ဂါတွေ ဆုံးရှုံးတာတွေ ရှိခဲ့ပြီး သူတို့ဘဝရဲ့ နောက်ဆုံးအပိုင်းကို အပြီးသတ်ရှင်သန်ဖို့ ယီမင်နိုင်ငံကို ပြန်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ပင်စင်လစာ မရတဲ့အတွက် ရုန်းကန်နေရတာ၊ တိုက်ပွဲဝင်နေရတာ တကယ်လက်ခံပါတယ်” ဟု ရဂျစ်မူဖလီဟီက ပြောသည်။
ဗြိတိန်ကို ပထမဆုံးရောက်တုန်းက အမျိုးသားတော်တော်များများဟာ Birmingham Small Arms မှာ အလုပ်လုပ်ခဲ့ပါတယ်(BBC)
ယီမင်နိုင်ငံသား အဘိုးအိုများသည် တစ်လလျှင် အနည်းဆုံး စတာလင်ပေါင် ၅၀ ခန့် ရစရာရှိနေပြီး အားလုံးပေါင်း ရစရာ ပင်စရိတ် အကြွေးမှာ ပေါင် ၅ သိန်းခန့်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
လွန်ခဲ့သော ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်က အလုပ်နှင့် ပင်စင်လစာဌာန (DWP) ထံတွင် ယီမင်နိုင်ငံသားများအနေဖြင့် ၎င်းတို့ သက်ရှိထင်ရှားရှိနေပြီး ပင်စင်လစာရဖို့ သတ်မှတ် အရည်အချင်း ပြည့်မီကြောင်း သက်သေ ပြနိုင်ခဲ့သော်လည်း ရစရာ ငွေကြေးမှာ မပေါ်ထွက်လာခဲ့ကြောင်း ရဂျစ်မူဖလီဟီက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်ခန့်က စတင်ခဲ့သော ယီမင်ပြည်တွင်း ပဋိပက္ခသည် အစိုးရနှင့် အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်များ ကြား ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၀,၀၀ သေဆုံးခဲ့သည်။ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ ကျောထောက်နောက်ခံ ပြုပေးထား သော အခြား ဆွန်နီအာရပ်နိုင်ငံ ၈ နိုင်ငံနှင့် ရှီယိုက်အီရန်၊ ဆွန်နီ ဆော်ဒီအာရေဘီးယားတို့ကြား ယီမင်ကို ကြားခံစစ်ပွဲအဖြစ် ခင်းကျင်းသည်ဟု ရှုမြင်ထားကြသည်။
မြောက်ပိုင်းနှင့် တောင်ပိုင်းကြား ကွဲလွဲမှုများအပြင် အယ်လ်ကိုင်းဒါးနှင့် နောက်ဆုံး အိုင်အက်စ် (IS) အဖွဲ့များ ရှိနေခြင်း အပါအဝင် ပြည်တွင်း မငြိမ်မသက်မှု နှစ်ပေါင်းများစွာ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ခွဲထွက်ရေး သမားများနှင့် အစိုးရတို့သည် ၂၀၁၉ ခုနှစ်တွင် ယီမင်တောင်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံးသတ်ရန် အာဏာခွဲဝေရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်ပွဲများကတော့ ဆက်လက်ဖြစ်ပွားနေပြီး ရပ်တန့်သွားမည့် အရိပ်အယောင်များ မတွေ့ရ ပေ။
စစ်ပွဲသည် 2014 ခုနှစ်တွင်စတင်ခဲ့ပြီးအဆုံးသတ်ရန်အရိပ်လက္ခဏာမပြပါ(BBC)
ပဋိပက္ခနှင့် ကပ်ရောဂါသည် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များကို ရိုက်ခတ်လာခြင်းကြောင့် ၎င်း၏ စားနပ်ရိက္ခာ ၉၀ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရသော နိုင်ငံတစ်နိုင်ငံအတွက် ပြဿနာများ ပိုမိုဆိုးရွားလာခဲ့သည်။ ပြီးခဲ့သော မတ်လ တွင် ဗြိတိန်အစိုးရသည် ကပ်ရောဂါ၏ ဘဏ္ဍာရေးဆိုင်ရာ သက်ရောက်မှုကြောင့် ယီမင် အပါအဝင် နိုင်ငံအများအပြားအား အကူအညီများ ဖြတ်တောက်လိုက်ကြောင်း ကြေညာခဲ့သည်။
စစ်ပွဲကြောင့် ပိုမိုဆိုးရွားလာသော နိုင်ငံတစ်နိုင်ငံတွင် ရှုပ်ထွေးသော အခြေအနေများ ရှိနေလင့်ကစား ဘီဘီစီသည် ယီမင် လုပ်သားအိုများ ၎င်းတို့၏ပင်စင်လစာများ ထုတ်ယူရန် ဘဏ်စာရင်းများ ဖွင့်ထားသည့် ယီမင်အမျိုးသားဘဏ်သို့ ရောက်ရှိ စုံစမ်းနိုင်ခဲ့သည်။
ယီမင်ဘဏ်ရှိ နိုင်ငံခြားဆက်ဆံရေး မန်နေဂျာ Saber Saeed Al Sharmani က “အလုပ်နှင့် ပင်စင်လစာဌာန (DWP) က ဒီအမျိုးသားတွေအတွက် ပင်စင်လစာအဖြစ် စတာလင် ငွေပေးချေမှုတွေကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် ရပ်တန့်ခဲ့ ပါတယ်။ ပင်စင်ထုတ်နေကျသူတွေ စုစုပေါင်း ၂,၄၈၉ ဦးကို ထိခိုက်ခဲ့တာမို့ DWP က ပြောကြားထားတာထက် ရာဂဏန်း ကျော် ထိခိုက်ခဲ့ပါတယ်” ဟု ရှင်းပြသည်။
ဗြိတိန်နိုင်ငံအခြေစိုက် ဗြိတိသျှ-အာရပ် ကူးသန်းရောင်းဝယ်ရေး (British Arab Commercial Bank) သည် အဆိုပါ ငွေပေး ချေမှုများကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်နေသော်လည်း စစ်ပွဲဖြစ်ပွားနေချိန်ဖြစ်၍ ပင်စင်စား ဘဏ်စာရင်းများ ပိတ် တော့ မည်ဖြစ်ကြောင်း ယီမင်အမျိုးသားဘဏ်ထံသို့ အကြောင်းကြားခဲ့သည်။
စစ်ပွဲသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်(BBC)
ထို့နောက် DWP သည် အခြားသော ဘဏ်ကို အသုံးပြုခဲ့သည်။ သို့သော် နိုင်ငံတွင်း ငွေလဲနှုန်း ညံ့ဖျင်းမှုကြောင့် တောင်းဆိုသူ ရာနှင့်ချီ ဆန္ဒပြခဲ့ကြသည်။ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ငွေပေးချေမှုအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း DWP မှ အကြောင်းကြား လာသဖြင့် ယီမင်ဘဏ်သည် ပင်စင်လစာထုတ်ပေးခြင်း ဝန်ဆောင်မှုကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သို့သော် ဆယ်စုနှစ် တစ်ခုအထိ ကြာမြင့်ခဲ့သည့် ပျောက်ဆုံးနေခဲ့သည့် ပင်စင်ငွေများ မည်သည့်နေရာ ရောက်ကုန်မှန်း မည်သူကမှ ဂဃဏန ရှင်းပြနိုင်ခြင်း မရှိပေ။ ။
Source: BBC
(ဘီဘီစီအင်္ဂလိပ်ပိုင်း ဝက်ဘ်ဆိုက်တွင် မူရင်းဆောင်းပါးရှင် Caroline Gall ၏ Fight for payment of UK pensions lost in Yemen warzone ခေါင်းစီးဖြင့်ဆောင်းပါးကို CNI သတင်းဌာနက ဆီလျော်အောင် ဘာသာပြန်ဆိုတင်ဆက်ပေးလိုက်ပါသည်)