CNI News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အား အကြမ်းဖက်အဖွဲ့များအဖြစ်နှင့် တရားမဝင်အသင်းအဖွဲ့များအဖြစ် ကြေညာ ထားသည့်သူများနှင့် တွေ့ဆုံဆွေးနွေးရန် အာဆီယံအဖွဲ့ဝင် နှစ်နိုင်ငံက အကြံပြုနေခြင်းမှာ အာဆီယံပဋိညာဉ်ကို ဆန့်ကျင်ရုံသာမက အာဆီယံ၏အကြမ်းဖက်တိုက်ဖျက်ရေးကြိုးပမ်းဆောင်ရွက်မှုကို လည်း ထိပါးစေသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(ဖေဖော်ဝါရီ ၂၀ ရက်)တွင် ထုတ်ပြန်ခဲ့ သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံမှ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေး၌ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်၍ အပြုသဘောပြောဆို ဆွေးနွေးမှုများ ရှိသော်လည်း အထူးကိုယ်စားလှယ်အား မြန်မာနိုင်ငံမှ အကြမ်းဖက်အဖွဲ့များအဖြစ်နှင့် တရားမဝင် အသင်းအဖွဲ့များအဖြစ် ကြေညာထားသည့်သူများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင် နှစ်နိုင်ငံက အကြံပြုခဲ့သည် ကို သတိပြုမိပါသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကိုတွေ့ရစဉ်
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက “မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက် နေ့တွင် CRPH နှင့် NUG နှင့်ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအားလုံးကို အကြမ်းဖက် အုပ်စုများအဖြစ် ကြေညာခဲ့ ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးလိုပါသည်”ဟု ပြော သည်။
ထို့နောက် အထူးကိုယ်စားလှယ်အား ယင်းသို့ အဖွဲ့အစည်းမျိုးဖြင့် ထိတွေ့ရန် အကြံပြုခြင်းသည် အာဆီယံ ပဋိညာဉ်စာတမ်း ပါ မူများကို ဆန့်ကျင်ရုံသာမက အာဆီယံ၏ အကြမ်းဖက်တိုက်ခိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း ထိပါးစေ ကြောင်း၊ ယင်းအဖွဲ့ဝင် နှစ်နိုင်ငံက အာဆီယံအစည်းအဝေးများကို အသုံးချ၍ ထိုသို့ ပြောဆိုခြင်းမျိုး မပြုလုပ်ရန်နှင့် အကြမ်း ဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချရန် ထပ်မံတိုက်တွန်းပါကြောင်း နစက၏ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။
သို့သော် မည်သည့် နိုင်ငံများဖြစ်သည်ကိုတော့ နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြ ထားခြင်းမရှိ ကြောင်း၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းမှုများရှိသည်။
တခြားတစ်ဖက်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း နစကနှင့် တပ်မတော်ကို အကြမ်းဖက် အဖွဲ့အစည်း များနှင့် မတရားအသင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲ မဲစာရင်း အငြင်းပွားသည်ကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ်ကြေညာထားသည်။
ထို့နောက် NLD ပါတီဝင်အမတ်များနှင့် ဒီမိုကရေစီအင်အားစုများက တပ်မတော်ကို ပြန်လည်ဖြုတ်ချရန် NUG၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မရှင်(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ကို ဖွဲ့စည်း၍ သံတမန် နည်းလမ်း အပါအဝင် လက်နက်ကိုင်လမ်းစဉ်များဖြင့် ကြိုးပမ်းလျက်ရှိနေသည်။
အဆိုပါ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် အာဆီယံက သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးကြရန်၊ သွေးထွက် သံယိုမှုများရပ်တန့်ရန်၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ် ခန့်အပ်ခွင့်ပြုရန်၊ ဖမ်းဆီးခံထားရသူများ ပြန်လည်လွှတ်ပေးရန် စသည့် သဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ ချမှတ်ခဲ့သည်။