CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ 

အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရေးတွင် ချင်းနယ်မြေ လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ကို ဆင်နွဲနေသည့် ချင်းပြည်ကာကွယ်ရေးတပ်အဖွဲ့များ၏ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေမှုများကို အထူးလေးစား ဂုဏ်ယူကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) မှ ထုတ်ပြန် ပြောကြားခဲ့သည်။ 

ယနေ့ (ဖေဖော်ဝါရီ ၂၀ ရက်)တွင် ကျရောက်သည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။ 

NUG က “အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပြီး ချင်းနယ်မြေများ လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်ကို ဆင်နွဲနေ ကြသည့် ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့အသီးသီး၏ ထူးချွန်ပြောင်မြောက်စွာ စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်နေမှုများကို အထူး လေးစားဂုဏ်ပြုပါကြောင်းနှင့် ၎င်းတို့အတွက် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီ လှူဒါန်းပေးကြသော ပြည်သူနှင့် နိုင်ငံတကာ ရှိ ချင်းလူမျိုးများ၊ ချင်းအဖွဲ့အစည်းများ အပါအဝင် တိုင်းရင်းသား ညီကိုမောင်နှမများကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ချင်းတောင်တန်းသည် ကချင်တောင်တန်းဒေသ၊ ဖက်ဒရယ်ရှမ်းပြည်၊ ဗမာပြည်မတို့နှင့်အတူ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ချင်းပြည်နှင့် ချင်းလူမျိုးများသည် ပြည်ထောင်စု မြန်မာနိုင်ငံ တည်ထောင်ဘက် ပြည်ထောင်စု၊ လူမျိုးတစ်မျိုး ဖြစ် ပြီး ချင်းလူမျိုးများသည် ခေတ်အဆက်ဆက် ပြည်ထောင်စုအရေး ကျရာကဏ္ဍမှ တာဝန်ကျေပွန် ခဲ့ကြသူများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လက်ရှိတွင် ချင်းပြည်နယ်၌ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြို့နယ်အလိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း၍ ဒီမိုကရေစီအရေး လက်နက်ကိုင်တော်လှန်တိုက်ခိုက်လျက်ရှိနေသည်။