CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ချင်းပြည်နယ်အတွင်းရှိ နယ်မြေ အများအပြားကို ချင်းအမျိုးသားတပ်ဦး-CNF မှ (၇၅)ရာခိုင်နှုန်းခန့် နယ်မြေ စိုးထားနိုင်‌ ကြောင်း CNF ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် CNF အပါအဝင် ဒေသကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီး ချင်းပြည်နယ် ပူးတွဲကာကွယ်ရေး ကော်မတီ(CJDC) ခေါင်းစဉ်အောက်တွင် စစ်‌ရေးလှုပ်ရှားနေကြောင်း ၎င်းက ပြောသည်။

ဆလိုင်းထက်နီက “စစ်ရေးအရ ကျနော်တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆိုပြီးတော့မှ အခုချင်းတောင်မှာ စစ်ဆင်ရေးတွေ ကျနော်တို့က ပူးတွဲပြီးမှ CJDC ဆိုပြီး‌တော့မှ ခေါင်းစဉ်အောက်ကနေ စစ်ရေးကို ကျနော်တို့ လုပ်နေပါတယ်၊ အဲဒီနေရာမှာ ချင်းပြည် ပြန်လည် တည်ဆောက်ရေးဆိုတဲ့ နေရာမှာ ကျနော်တို့ နယ်မြေလုံခြုံမှသာ အဲဒါ ဖြစ်လာတာ ဖြစ်တယ်၊ အဲဒါ ကြောင့် စစ်ရေးထက်ကို ကျနော်တို့ အဓိက ချင်းပြည်နယ် (၉) မြို့နယ်မှာ တိုက်ပွဲ‌တွေ ဖြစ်နေတယ်၊ ဒီနေ့အထိ စစ်ကောင်စီ က ချင်းပြည်နယ် (၉) မြို့နယ်၊ မြို့တွင်းကလွဲလို့ နယ်ဘက်တွေ ဘာတွေ နယ်မြေစိုးမိုးရေး မလုပ်နိုင်ပါဘူး၊ အဓိကကတော့ ၇၅ ရာခိုင်နှုန်းကတော့ ကျနော်တို့က စိုးမိုးထားတယ်လို့ ပြောလို့ရပါတယ်၊ အဲလိုလုပ်ပြီးခါမှ တချို့ဒေသတွေမှာ ကျန်းမာရေး လိုဟာမျိုး ကိုယ့်ဟာကို တည်ဆောက်ပြီးမှ လုပ်နေတာ ဖြစ်ပါတယ်”ဟု ပြောသည်။

ချင်းပြည်နယ်တွင် CNF က နယ်မြေထိန်းချုပ်နိုင်မှု ရာခိုင်နှုန်းမည်မျှ ထိန်းချုပ်နိုင်သည်ဟု ပြောနေသော်လည်း လက်တွေ့ မြေပြင်အရ ဘယ်လိုထိန်းချုပ်ထားလဲဆိုသည်မှာ သိရှိရန် ခက်ခဲကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။

ဦးသိန်းထွန်းဦးက “နယ်မြေထိန်းချုပ်တယ်ဆိုတာ သူတို့ ပြောလို့တာ ပြောတာ လက်တွေ့ မြေပြင်မှာ ဘယ်လိုရှိတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး၊ ကျနော်တို့ ပြောသလိုပေါ့ သတင်းကတော့ မျိုးစုံတွေ ထွက်နေကြတယ်၊ လက်တွေ့ ဒါနဲ့ ပတ်သက် ပြီးတော့ မှန်မှန်ကန်ကန်ပြပါဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ သတင်းအရတော့ ၇၅ ရာခိုင်နှုန်းလည်း ဖြစ်နိုင်တယ်၊ ၁၀၀ ရာခိုင်နှုန်းလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ မျိုးစုံတော့ ထွက်နေမှာပဲ တကယ်တမ်း လက်တွေ့ မြေပြင်မှာ ဘယ်သူ Control နောက်ဆုံး အဖြေပေါ်သွားမှာပါ”ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းက တပ်မတော်စစ်ကားများကိုတွေ့ရစဉ်

ချင်းပြည်တည်ဆောက်ရေးတွင် မိမိတို့၏ အမျိုးသားရေး တာဝန်ဖြစ်ကြောင်း၊ ချင်းပြည်၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမူရေးနှင့် ယဉ်ကျေးမှုကဏ္ဍ အရပ်ရပ်ကို ချင်းပြည်သူများကိုယ်တိုင် ကိုယ်ထူကိုယ်ထ တည်ဆောက်ရမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ CNF ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

CNF ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက “ကျ‌နော်တို့ ချင်းပြည် ပြည်လည်တည်ဆောက်ရေး ဆိုတဲ့နေရာမှာ အပိုင်း(၂)ပိုင်း ခွဲထားပါတယ်၊ နိုင်ငံရေး အားဖြင့်ဆိုရင် ကျနော်တို့ ချင်းပြည်နယ်မှာ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဆိုပြီး တော့မှ ကျနော်တို့ အစု အဖွဲ့တွေနဲ့ ဥပမာ လွှတ်တော်အစုအဖွဲ့၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ ပြီးတော့ CDM အစုအဖွဲ့ ကျနော်တို့ ချင်းအမျိုးသားတပ်ဦး ဆိုပြီးတော့မှ နိုင်ငံရေးအရ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဆိုပြီးတော့ ကျနော်တို့ ဖွဲ့ ပြီးတော့မှ အဲဒါ လုပ်ငန်းစဉ် တစ်ခု” ဟု ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်၊ CNF ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
CNF သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ချင်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။