CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းရှိ တပ်မတော်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဝင်ရောက် တိုက်ခိုက် ခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ အတည်ပြု ပြောသည်။

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန် ကျေးရွာအနီးရှိ တပ်မတော်စခန်းကို ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် KIA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်ရှိအခြေအနေထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “ပူတာအိုဘက်ကတော့ ဆွမ်ပီယန်နားမှာ ကျနော်တို့ ကချင်အခေါ်နဲ့တော့ ချင်ကပုန်း၊ ချင်ကပုန်းလို့ ခေါ်တယ်ပေါ့၊ အဲဒီတပ်စခန်းမှာ KIA ဘက်ကနေ ဝင်တိုက်တာ ရှိပါတယ်။ ဒါပေမယ့် ခုလောလောဆယ်ကတော့ ဝင်တိုက် နေတုန်းပဲ ဖြစ်ပါတယ်၊ ဘာမှ အဖြေမထွက်သေးပါဘူး။ မနေ့ကလည်း ဝင်တိုက်တယ်။ ဒီမနက်လည်း ပြန်ပြီးတော့ တိုက် တယ်ဆိုတဲ့ သတင်းကတော့ ရပါတယ်၊ အခြေအနေကတော့ မြေပြင်အခြေအနေကတော့ ဘာမှထူးခြားတာ မရှိသေးပါဘူး” ဟု ပြောသည်။

အဆိုပါ ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာဘက်တွင် ယနေ့(ဖေဖော်ဝါရီ ၁၉ ရက်) နံနက်ပိုင်းကလည်း နှစ်ဖက် လက်နက် ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေကြကြောင်း၊ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံများသည် နီးစပ်ရာ တောတောင် များအတွင်းသို့ သွားရောက်တိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တပ်မတော်နှင့် KIA ကြား ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုမြို့နယ်၊ မံစီမြို့နယ်၊ မိုးမောက်မြို့နယ် စသည့် ဒေသများ၌ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း၊ မြေပြင်တွင် စစ်ရေးတင်းမာနေသည့် အခြေအနေရှိကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဆွမ်ပီယန်ဒေသကိုတွေ့ရစဉ်

၎င်းက “ခြုံပြီးတော့မှ ပြောမယ်ဆိုလို့ရှိရင်တော့ နည်းနည်း လှုပ်ရှားတာနဲ့တော့ တိုက်ပွဲဖြစ်နေတာပေါ့၊ ခုလောလောဆယ် တော့ ဟိုဘက်မှာလည်း ခုနကပြောသလို နှစ်ဖက်ကတော့ စောင့်ကြည့်တဲ့ အနေအထားတွေပေါ့၊ နောက် မိုးမောက်ဘက် မှာလည်း ကေအိုင်အေ တပ်စခန်းရှိတဲ့ဘက်ကို စစ်ကောင်စီဘက်က လှုပ်ရှားလာလို့ ခုခံတိုက်ပွဲတွေဖြစ်တာပေါ့၊ အခုလည်း အဲဒီဘက်မှာလည်း စောင့်ကြည့်တဲ့ အနေအထား ဖြစ်ပါတယ်၊ နောက် မန်ဝိန်းကြီး ဘက်မှာလည်း ဟိုတနေ့က တိုက်ပွဲဖြစ် တယ်၊ ကျနော်တို့ တပ်ရင်း အမှတ် (၂၇) ပေါ့နော်။ အဲဒီနယ်မြေဘက်မှာလည်း တိုက်ပွဲဖြစ်တာရှိပါတယ်၊ ဒါကလည်း စစ်ကောင်စီ ဘက်ကနေ ကျနော်တို့ရှိတဲ့ဘက်ကို ဘက်ဟိုးနဲ့ လမ်းဖောက်ပြီးတော့ ဝင်လာလို့၊ ထိုးလာတာလို့ ပြောလို့ရမှာ ပေါ့။ အဲဒါကို ကျနော်တို့က ခုခံတိုက်ပွဲတွေ ရှိတယ်၊ အဲဒီဘက်မှာလည်း စောင့်ကြည့်တဲ့ အနေအထား ဖြစ်ပါတယ်၊ ဆိုတော့ ကျနော်တို့ ကချင်ပြည်နယ်က မံစီမြို့နယ်၊ မိုးမောက်မြို့နယ်၊ ပူတာအိုမြို့နယ်ရယ်၊ အဲဒီသုံးမြို့နယ်မှာတော့ အခုလောလော ဆယ်ကတော့ စစ်ရေး အခြေအနေကတော့ တင်းမာနေတယ်ပေါ့၊ စောင့်ကြည့်တဲ့ အနေအထား ဖြစ်ပါတယ်”ဟု ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားခဲ့သည့် ပူတာအိုမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF)၊ KIA တို့ ပူးပေါင်း၍ စစ်ရေး လှုပ်ရှားမှု များရှိနေကြောင်း၊ ထို့နောက် ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာရှိ တပ်မတော်စခန်းတစ်ခုကို ဖေဖော်ဝါရီ ၁ ရက်က KIA-PDF ပူးပေါင်းအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လမှ စတင်၍ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားလာ နေခြင်းဖြစ်သည်။