CNI International News

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၉

လူသိများထင်ရှားသည့် မြောက်ကိုရီးယားအရေး စောင့်ကြည့်ဝက်ဘ်ဆိုက်တစ်ခုမှ ထုတ်လွှင့်ခဲ့သော သတင်းတစ်ပုဒ်တွင် “ကမ္ဘောဒီးယားသည် ပြုံယမ်း၏ ထောက်လှမ်းရေးနှင့် တရားမဝင်စီးပွားရေးတို့ကို အားပေးကူညီသည်” ဟူ၍ ဖော်ပြချက် အပေါ် အခြေအမြစ်မရှိသော သတင်းသာဖြစ်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ဝန်ကြီးဌာနက ပယ်ချခဲ့သည်ဟု ဖနွမ်ပင်ပို့စ်က ရေးသားထားသည်။

“မြောက်ကိုရီးယားထောက်လှမ်းရေးသည် ကမ္ဘောဒီးယားရှိ ခရီးသွားအေဂျင်စီများ၊ ဟိုတယ်များနှင့် ကာစီနိုဝိုင်းများသို့ လည်ပတ်ခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်ကို ကိုးကားလျက် NK News က ဖေဖော်ဝါရီ ၁၅ ရက်၌ သတင်း ဖော်ပြခဲ့သည်ဟု အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

ကမ္ဘောဒီးယားသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) ၏ ဆုံးဖြတ်ချက်အားလုံးကို လိုက်နာလျက်ရှိကြောင်း၊ ပြည်တွင်းရှိ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ(DPRK) နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်စာရင်းအားလုံး ပိတ်ထားကြောင်း၊ ၎င်းနိုင်ငံမှ အလုပ်သမားများ ပြည်တွင်း၌ လာရောက်လုပ်ကိုင်ခွင့်ကိုလည်း ရပ်ဆိုင်းထားကြောင်း ဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
DPRK သည် မြောက်ကိုးရီးယားအစိုးရက ၎င်းကိုယ်ကို တရားဝင် ပေးထားသော အမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယား အမြဲတမ်းမစ်ရှင်မှတဆင့် မြောက်ကိုရီးယားအပေါ် အရေး ယူ ပိတ်ဆို့မှု အကောင်အထည်ဖော်ရေးဆိုင်ရာ အစီရင်ခံစာကို ၂၀၀၆ ခုနှစ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၇၁၈ အရ ဖွဲ့စည်းထားသော ကောင်စီအလှည့်ကျ ဥက္ကဋ္ဌထံသို့ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့စွပ်စွဲချက်ကို ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ငြင်းဆိုထားတဲ့စာ

“ဒီလို လက်နက်အပြီးအပိုင် ဖယ်ရှားရှင်းလင်းရေးအတွက် ပံ့ပိုးပေးဖို့ ကမ္ဘောဒီးယားရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို အမြဲတမ်း လိုက်နာလျက်ရှိပါတယ်” ဟု ၎င်းဝန်ကြီးဌာနက ဆက်လက် ပြောကြားခဲ့သည်။

“ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘောဒီးယားဟာ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ နိုင်ငံတကာဝတ္တရားတွေကို အပြည့်အဝ ဖြည့်ဆည်းခဲ့ပြီး မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုဆိုင်ရာ UNSC ရဲ့ ဆုံးဖြတ်ချက်တွေကို သစ္စာရှိရှိ အကောင်အထည်ဖော်ခဲ့ပါတယ်” ဟု ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

မတူညီသော ဘဏ္ဍာရေးအဖွဲ့အစည်းနှစ်ခုရှိ (မြောက်ကိုရီးယားနှင့်ဆက်စပ်နေသည့်) ဘဏ်စာရင်း ၇ ခုကို ၂၀၁၇ ခုနှစ် ကတည်းက ပိတ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယားပြည်တွင်း လည်ပတ်လုပ်ကိုင်နေသော ၎င်းနိုင်ငံမှ စားသောက်ဆိုင်များ၊ ပြတိုက် များ အပါအဝင် စီးပွားရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းစေခဲ့ကြောင်း ဖနွမ်ပင်က ပြောကြားခဲ့သည်။

“၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘောဒီးယားဟာ မြောက်ကိုရီးယားနိုင်ငံကနေ လာရောက်လုပ်ကိုင်ခွင့် မပေးတော့ပါဘူး။ နောက် ပြီး ကျနော်တို့ အစိုးရအနေနဲ့ ပြည်တွင်းမှာ အလုပ်လုပ်နေကြတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေကို ဗီဇာသက်တမ်း မတိုးပေး ဖို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က ဆုံးဖြတ်ခဲ့တာရှိပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေး၏ သတင်းထုတ်ပြန်ချက်ထဲ တွင် ပြောကြားထားသည်။

Source: Phnompenh Post