CNI News

မနီလာ ဩဂုတ် ၁

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဖိလစ်ပိုင်တွင် အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထားရှိရန် အရေးကြီးသည့် သဘောတူညီမှုကို ပြန်လည်ရယူလိုက်ကြောင်း၊ ဝါရှင်တန်နှင့် မနီလာတို့အကြား စိုးရိမ်မှု တိုးပွားစေသည့် ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်လိုက်ကြောင်း နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများက ဇူလိုင် ၃၀ တွင် ထုတ်ဖော်ပြောကြားသည်ဟု ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။

တပ်ဖွဲ့များ စေလွှတ်ရေး သဘောတူညီချက် (Visiting Forces Agreement-VFA)အရ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ဖိလစ်ပိုင်နိုင်ငံအတွင်းနှင့်အပြင်၌ ထောင်နှင့်ချီသော အမေရိကန်တပ်ဖွဲ့ဝင်များ လှည့်လည်ဖြန့်ကျက်နိုင်ရန် စည်းမျဉ်းများ သတ်မှတ်နိုင်ခဲ့သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ ပိုမိုခိုင်မာ အားကောင်းလာခြင်းသည် တရုတ်ကို ဆန့်ကျင်ရာရောက်သဖြင့် ပို၍ အရေး ကြီးသည့် ကိစ္စရပ်အဖြစ် အဆိုပါ သဘောတူညီချက်တွင် ဆိုထားကြောင်း ရိုက်တာက ရေးသားသည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇနာက မနီလာမြို့တွင် ဇူလိုင် ၂၉ ရက်၌ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို လက်ခံတွေ့ဆုံခဲ့ကြရာတွင် သမ္မတ ဒူတာတေးအနေဖြင့် သူ့ကိုယ်သူ ပြောင်းပြန်လှန်လိုက်သည် ဆိုသော်လည်း ဆုံးဖြတ်ချက် မသေချာသေးကြောင်းသာ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ သမ္မတ၏ ဆုံးဖြတ်ချက်သည် ဖိလစ်ပိုင်၏ မဟာဗျူဟာမြောက် အကျိုးစီးပွားပံ့ပိုးမှုနှင့် အပြန်အလှန် ကာကွယ်ရေး စာချုပ်(MDT) အရ အမေရိကန် ရပ်တည်ချက်အပေါ် အတိအလင်း အခြေခံကြောင်း ဒူတာတေး၏ပြောခွင့်ရသူ ဟယ်ရီရိုကျု က နောက်ပိုင်းတွင် ပြောခဲ့သည်။

ဒူတာတေး၏ ဆုံးဖြတ်ချက်သည် မြေပြင်ပေါ်တွင် များစွာ ပြောင်းလဲမည် မဟုတ်သော်လည်း စာချုပ် ရပ်ဆိုင်းခြင်းမရှိ၍ နှစ်နိုင်ငံစလုံး တည်ငြိမ်ရေးကို ဇောင်းပေးထားကြောင်း သိရသည်။

“ဒီဆုံးဖြတ်ချက်ကနေ ကျနော်တို့ ရှေ့ဆက်ဖို့ သေချာပါတယ်။ တာဝေးပစ် လက်နက် အစီအစဉ်တွေ လုပ်နိုင်တယ်။ စစ်ရေး လေ့ကျင့်မှုမျိုးစုံ လုပ်နိုင်တယ်” ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အော်စတင်က ဖိလစ်ပိုင်သမ္မတနှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း ပြောခဲ့သည်။

ဖိလစ်ပိုင်သည် အမေရိကန်၏ စစ်စာချုပ်အရ မဟာမိတ်ဖြစ်ပြီး စစ်ရေးတူညီချက် အများအပြားကို ယခုသဘောတူညီမှု ရရှိသည့် VFA တွင် ထည့်သွင်းထားသည်။ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ်တစ်ဦးကို အမေရိကန်ဘက်က ဗီဇာ ငြင်းပယ် လိုက်ပြီးနောက် သမ္မတ ဒူတာတေးက အဆိုပါ သဘောတူညီချက်ကို ရပ်ဆိုင်းခဲ့သော်လည်း ၎င်းရာထူးသက်တမ်း ကုန်ဆုံးခါ နီး နှစ်နှစ်အထိ ယခုတဖန် ပြန်လည်ထားရှိဦးမည် ဖြစ်သည်။

Source: Reuters