CNI News

အစ္စတန်ဘူ ဩဂုတ် ၂

တူရကီနိုင်ငံ၊ တောင်ပိုင်းကမ်းရိုးတန်းတွင် တောမီးလောင်မှု ၁၀၀ ကျော်ကြောင့် လူ ၈ ဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး မီးသတ်သမားများက ရဟတ်ယာဉ်များသုံး၍ ဩဂုတ် ၁ ရက်တွင် ကြိုးစား ငြှိမ်းသတ်နေခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်၌ တွေ့ရသည်။

မီးသင့်ပျက်စီးခဲ့သော နေရာများမှာ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်မှုကောင်းပြီး တူရကီ၏ အရေးကြီးသောအစိတ်အပိုင်းများလည်းဖြစ်ကြောင်း အေပီက ဆက်လက်ရေးသားထားသည်။

မီးလောင်နေသော အန်တာလျာနှင့် မူဂလာ ဒေသတွင် နေထိုင်သူများနှင့် ခရီးသွားဧည့်သည်များမှာ လှေငယ်များဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကယ်ဆယ်ရေးအတွက် ကမ်းခြေစောင့် နှင့်ရေတပ်သင်္ဘောနှစ်စင်းကို တူရကီကမ်းလွန်တွင် တပ်စွဲစေခဲ့သည်။

ပုံစာ (၂) ဇူလိုင် ၃၀ ရက်က မြေထဲပင်လယ်ကမ်းရိုးတန်းရှိ မာနက်ဂက်မြို့အနီး တောမီးကူးစက်ခံရပြီးနောက် အပျက်အစီးများကို ဝေဟင်မှ ဤသို့တွေ့ရစဉ်။ (ဓါတ်ပုံ-အေပီ)

ယခုနှစ် ဥရောပတောင်ပိုင်းတွင် ပူပြင်းသည့် ရာသီဥတုနှင့် ခြောက်သွေ့သော လေတိုက်ခတ်မှုတို့ကြောင် စစ္စလီကျွန်း၊ အီတလီနိုင်ငံ၊ ဂရိနိုင်ငံအနောက်ပိုင်းနှင့် အေဂျီယန်ပင်လယ်ကမ်းခြေအပါအဝင် မြေထဲပင်လယ် ဒေသကြီးတလျှောက် တောမီးများ ဆက်တိုက်လောင်ကျွမ်းစေခဲ့သည်။

သို့ရာတွင် ယခုတူရကီတောမီးသည် အဆိုးဝါးဆုံးဖြစ်ပြီး တူရကီအာဏာပိုင်များက တောမီးလောင်နေသည့် နေရာအများစုကို ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။ သို့သော် အပန်းဖြေစခန်းအချို့ကို တောမီးက ခြိမ်းခြောက် နေဆဲဖြစ်ပြီး ဩဂုတ် ၁ ရက်၊ ယမန်နေ့က မီးသတ်သမားနှစ်ဦး သေဆုံးခဲ့ကြောင်း တူရကီ စိုက်ပျိုးရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကို ကိုးကား၍ စီအင်န်အင်န်က သတင်းထုတ်လွှင့်ခဲ့ရာ တောမီးကြောင့် သေဆုံးသူ စုစုပေါင်း ၈ ဦးအထိ ရှိသွားပြီဖြစ်သည်။

မီးလောင်ဒဏ်ရာများကြောင့် ဆေးရုံတင်ထားရသူ အနည်းဆုံး ၂၇ ဦးရှိပြီး သာမန်ထိခိုက်သူများ ရာနှင့်ချီ၍ ဆေးရုံပြန်ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း တူရကီကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် ဇူလိုင် ၂၈ ရက်ကတည်းက တူရကီနိုင်ငံရှိ ပြည်နယ် ၃၂ ခုတွင် တောမီး စလောင် ခဲ့ကြောင်း တူရကီစိုက်ပျိုးရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနကို ကိုးကားလျက် အေပီသတင်းက ဖော်ပြ ထားသည်။

Sourc
e: AP
Photo: AP

#Turkey

#Bush fire

#ChannelNewsIndependent

#တူရကီနိုင်ငံ

#တောမီးလောင်မှု

#အစ္စတန်ဘူ