ဘန်ကောက် ဩဂုတ် ၂

ဂျဗလင်(Javelin) ဒုံးကျည်နှင့် ဆက်စပ်ပစ္စည်းများ လာမည့်နှစ် အမေရိကန်ထံမှ ဘတ်ငွေ ၂ ဒဿမ ၅ ဘီလီယံဖိုး ဝယ်ယူရေးအသုံးစရိတ်ကို ထိုင်းစစ်တပ်က ငြင်းပယ်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုကို ကိုးကားလျက် ဘန်ကောက်ပို့စ်သတင်းစာက ဩဂုတ် ၂ ရက်၊ ယနေ့နံနက်က ရေးသားဖော်ပြသည်။

ဇူလိုင် ၃၀ ရက်က ထိုင်းကာကွယ်ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (DACA) အနေဖြင့် ယခုလို အသုံးစရိတ်ဖြတ်တောက်မှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဂျဗလင်ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရေး တောင်းခံသည့် အမေရိကန်ဒေါ်လာ ၈၄ ဒဿမ ၅ သန်း (ဘတ်ငွေ ၂ ဒဿမ ၅ ဘီလီယံ) ကို ဝန်ကြီးဌာန အနေဖြင့် သဘောတူ အတည်ပြုပြီးဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော တောင်းခံမှုအတွက် လိုအပ်သည့်အသိအမှတ်ပြုဖို့အတွက် ကွန်ဂရက်ထံ ပေးပို့ပြီးဖြစ်ကြောင်း DSCA က ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ရေးသားထားသည်။

ထိုင်းအစိုးရသည် ဂျဗလင် FGM-148 ဒုံးကျည်အရေအတွက် ၃၀၀ နှင့် ဂျဗလင်ထိန်းချုပ်ပစ်လွှတ်ရေးယူနစ် (CLU) အရေအတွက် ၅၀ တို့ ဝယ်ယူရန် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်သည်။

ဝယ်ယူရေးလုပ်ငန်းစဉ်ထဲတွင် အဆင့်မြင့်လက်နက်ထုတ်လုပ်မှုကျွမ်းကျင်နည်းပြများလည်း ပါဝင်မည်ဖြစ်ပြီး ဒုံးကျည်စမ်းသပ်ခြင်း၊ လုံခြုံရေးအကူအညီစီမံခန့်ခွဲမှုညွှန်ကြားရေးမှူးရုံး (SAMD) ထံမှ နည်းပညာအကူအညီ၊ လေကြောင်းနည်းဗျူဟာနှင့်မြေပြင်လက်နက်ခဲယမ်းစီမံကိန်းရုံးမှ နည်းပညာအကူအညီနှင့် အပိုပစ္စည်း လက်စွဲစာအုပ်များ ပါဝင်သည်။
ထို့ပြင် ဘက်ထရီနှင့်အားသွင်းစနစ်၊ ပစ်ခတ်မှုလေ့ကျင့်ရေး၊ လက်နက်ခဲယမ်းဆိုင်ရာလေ့ကျင့်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့လည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အတွက် စုစုပေါင်းအသုံးစရိတ်မှာ ဒေါ်လာ ၈၃ ဒဿမ ၅ သန်းဖြစ်သည်။

ဗီယက်နမ်စစ်ပွဲကာလမှ စစ်ရေးအကူအညီအနေဖြင့် ထိုင်းဘုရင့်တပ်မတော်က ဝယ်ယူခွင့်ရခဲ့သော ၁၀၆ မီလီမီတာ ပြန်လှန်ပစ်ခတ်နိုင်သော ရိုင်ဖယ်စနစ်များကို ယခုလက်နက်အသစ်များဖြင့် အစားထိုးရန် ရည်ရွယ်ထားသည်။ ယင်းကဲ့သို့ လက်နက်ဝယ်ယူရေးအဆိုပြုချက်သည် အရှေ့တောင်အာရှဒေသတွင်း စစ်ရေးအခြေခံဟန်ချက်ကို ပြောင်းလဲစေမှုမရှိကြောင်း DSCA က ထုတ်ပြန်ကြေညာထားသည်။

အမေရိကန်အစိုးရအရာရှိများနှင့် ကြားခံကန်ထရိုက်ယူသူများကလည်း ယခုလွှဲပြောင်းရောင်းချပေးမည့် လုပ်ငန်းစဉ်ကို ကြီးကြပ်ပံ့ပိုးပေးမည်ဖြစ်သည်။ ယင်းဒုံးကျည်များ ဝယ်ယူရေးစရိတ်ကို ၂၀၂၄ ခုနှစ်အထိ အရစ်ကျ ပေးချေရမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်များက ဆိုသည်။ ထိုင်းအောက်လွှတ်တော်ကော်မတီက လာမည့်နှစ် ဘတ်ဂျက်အတွက် စိစစ်မှုများ ရှိလိမ့်မည်ဟု ဘန်ကောက်ပို့စ်က ဆက်လက်ရေးသားဖော်ပြသည်။

တစ်ချိန်တည်းတွင် Covid-19 တိုက်ဖျက်ရေးအတွက် အသုံးစရိတ်ချွေတာရန် ကာကွယ်ရေးစရိတ်လျှော့ချဖို့ ထိုင်းလွှတ်တော်အတွင်းမှ အတိုက်အခံများက တောင်းဆိုနေသည်။

Source: Bangkok Post

#Bangkok

#Javelin

#American

#Thai Army

#Covid-19

# DSCA

#ChannelNewsIndependent