CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် - ၃

ရခိုင်ပြည်နယ်အတွင်း နေထိုင်သော ပြည်သူလူထုများအနေနှင့် မှုခင်းကိစ္စများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ၏ တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ULA/AA က ဩဂုတ်လ ၁ နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများအနေဖြင့် မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများအပြင် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် အမှုအခင်းအားလုံးကို ULA/AA ၏ တရားရေးဌာနသို့ တိုင်ကြားနိုင်ပြီး တရားရုံးများကို ကျေးရွာအုပ်စု၊ တိုက်နယ်၊ ခရိုင်အဆင့် သတ်မှတ်နေရာများတွင် ဖွင့်လှစ်ထားရှိတယ်လို့ AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက Western News သို့ ပြောကြားထားသည်။

“တရားရုံးတွေကိုတော့ သက်ဆိုင်ရာ ကျေးရွာအုပ်စုအဆင့်၊ တိုက်နယ်အဆင့်၊ ခရိုင်အဆင့် စသဖြင့် သတ်မှတ်နေရာအသီးသီးမှာ သက်ဆိုင်ရာ တရားရုံးတွေကို ကျနော်တို့ ဖွင့်လှစ်ထားရှိပါတယ်ခင်ဗျ” ခိုင်သုခက ပြောသည်။

ULA/AA အနေဖြင့် ရခိုင်ဒေသတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ခိုင်သုခ က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံးကို တရားမျှတမှုရရှိရန် ဆောင်ရွက်နေပြီး တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်၊ တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှု ပြီးမြောက်သည်အထိ ၎င်းတိုင်တန်းသူ၏ ကိုယ်ရေးအချက်အလက်များကို တစ်ဦးတစ်ယောက်မျှ မသိအောင် ထိန်းသိမ်းကာကွယ်ထားမည် ဖြစ်သည်။

ULA/AA အနေနှင့် တရားစီရင်ရေးလုပ်ငန်းများကို ယခင်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုထုတ်ပြန်ချက်မှာ အမှုအခင်း ဖြစ်ပွားသူအနေဖြင့် မည်သည့်နေရာတွင် တိုင်ကြားရမည်ကို သိရှိရန် ထုတ်ပြန်ခြင်းဖြစ်သည်ဟု သိရသည်။

“ရခိုင်ဒေသနေ ပြည်သူတွေအားလုံး တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူတဲ့ နေရာမှာ လူမျိုးဘာသာမခွဲခြားဘဲ ဥပဒေရဲ့ အကာအကွယ်နဲ့ တရားမျှတမှု ရရှိရေး၊ မှန်မှန်ကန်ကန်ဖြစ်စေဖို့အတွက် ULA တရားရေးဌာနအနေနဲ့ အကောင်းဆုံးဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်ဆိုတာ ပြောလိုပါတယ်” ဟု ခိုင်သုခက Western News သို့ ပြောကြားထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ (၂) သိန်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရတ်(REC) မှ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ခုနှစ်၊ မတ် ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ အချို့ကို ပြန်လွှတ်ပေးခဲ့သည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အလားတူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမျိုးအဖြစ် ဆန္ဒရှိကြောင်း ULA/AA က ထုတ်ဖော်ပြောကြားဖူးသည်။

#ArakanArmy

#Rakhine

#KhaingThukha

#Law

#CNINews

#CNIMyanmar

#ChannelNewsIndependent