CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာမခံသည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ-ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဩဂုတ် - ၁)က ကောင်စီ၏ (၆)လပြည့် နိုင်ငံတော် တာဝန် ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် ပြောခဲ့ခြင်းသည်။

“ကျနော်တို့က စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျနော့်အနေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အာမခံပါတယ်။ အဓိက ကတော့ သတ်မှတ်ထားတဲ့ ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင်ရမယ့် လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့စွာ ပြီးစီးရေးပဲ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခနှင့်အတူ ပေါက်ဖွားလာသည့် နိုင်ငံရေးအရ ကွဲပြားခြားနားမှုများ အမြင်မတူမှုများနှင့် ရှိနေဆဲဟု ဖြစ်ကာ ယင်းကွဲပြားမှုများကို ညှိနှိုင်းအဖြေရှာခြင်း နည်း လမ်းများနှင့် အဖြေရှာခဲ့ခြင်းကြောင့် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

“ကျနော်တို့နိုင်ငံမှာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခနဲ့အတူ ပေါက်ဖွားလာတဲ့ နိုင်ငံရေးအရ ကွဲပြားခြားနားမှုတွေ အမြင်မတူမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါတွေကို ညှိနှိုင်းအဖြေရှာခြင်းနည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့လို့ ၂၀၁၀ ပြည်နှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ပြည့်နှစ် ရွေးကောက်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ကျနော်တို့တိုင်းပြည် ဒီမိုကရေစီလမ်း ကြောင်းပေါ်ကို ရောက်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲမှာတော့ ဖြစ်ပေါ်လာသည့် မဲမသမာမှုများအပေါ် ညှိနှိုင်းဆွေးနွေး အဖြေရှာခြင်း နည်းလမ်းများ ပျောက်ဆုံးခဲ့ရသည်ဟု ၎င်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို ပါးစပ်ပြောရုံဖြင့် အာမခံ၍ မရဘဲ လက်တွေ့ ပြသနိုင်ရမည်ဟု ပြောသည်။

SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က “ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အာမခံတယ်ဆိုတဲ့ ဥစ္စာက ပါးစပ်နဲ့ ပြောရုံနဲ့ မရပါဘူး။ လက်တွေ့ ပြသနိုင်ရမယ်။ လူထုရဲ့ ယုံကြည်မှုကို ရရှိအောင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အာမခံချက်ကို ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးမှ ကိုယ်ကိုယ် တိုင်ကလည်းပဲ ခေါင်းဆောင်လုပ်တဲ့ လူတွေကိုယ်၌လည်းပဲ အတိအကျ လိုက် နာဖို့ လိုအပ်ပါတယ်။ အပြောလောက်နဲ့ ကျနော်တို့တွေ ဖြတ်သန်းခဲ့တာ များလှပြီ၊ ကြာလှပြီပေါ့နော်။ လူထုတွေ တိုင်းရင်း သား ပြည်သူလူထုတွေ စိတ်ချယုံကြည်ရတဲ့ အနေအထားမျိုး စောစောက ပြောတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာကို အတိအကျ ပြဋ္ဌာန်းထားတာမျိုး မဟုတ်လို့ရှိရင် အပြည့် အဝ ယုံကြည်လို့ မဖြစ်နိုင်ပါဘူးခင်ဗျ” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်လုပ်ဆောင်သည့် အပိုင်းများ ရှိနေသောကာလတွင် ဒီမိုကရေစီ၊ ဖက်ဒရယ် ဒီမိုကရေစီကို ဖော်ဆောင်ပေးမည်ဟု အာမခံသည့်အပေါ် မစွန့်စားရဲကြောင်း စိုင်းလိတ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် NLD အစိုးရကို ဖြုတ်ချ၍ တပ်မတော်က နိုင်ငံတော်အာဏာကိုရယူထားသည့်အတွက် နိုင်ငံရေး တည်ငြိမ်မှုမရှိဘဲ ဖြစ်နေကာ စစ်တပ် ဆန့်ကျင်သူ အင်အားစုနှင့် စစ်တပ်ကြား သဘောတူညီမှု တစ်စုံတစ်ရာ ရယူနိုင်ခြင်း မရှိသေးသည့်အတွက် ဒီမိုကရေစီနှင့်ဖက်ဒရယ်တည်ဆောက်ရေးမှာ ခက်ခဲနေနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက လည်းဆိုသည်။


#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#ဒီမိုကရေစီနဲ့ဖက်ဒရယ်
#စိုင်းလိတ်
#နိုင်ငံရေး
#CNImyanmar
#cninews
#ChannelNewsIndependent