၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် မြို့မဈေးကြီးအတွင်းတွင် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (TNLA)၏ ငွေကောက်ခံမှုအပေါ် ဈေးသူဈေးသားများမှ ဈေးမရောင်းခြင်းဖြင့် ဆန္ဒထုတ်ဖော်သွားမည်ဟု သိရသည်။
TNLA ၏ ငွေကောက်ခံမှုကြောင့် ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ ဈေးသူ/ဈေးသားများက ဈေးမရောင်းခြင်း၊ ဈေးပိတ်ခြင်းများ ပြုလုပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
နမ့်ခမ်းဒေသခံ တစ်ဦးဖြစ်သူ စိုင်းမိန်း (အမည်လွှဲ)က “ကောက်တာကတော့ ကြီးရင်ကြီးသလို၊ သေးရင် သေးသလို စာထွက်ကြတာပဲလေ၊ ဆိုင်ကြီးရင် ၁၀ သိန်း၊ ၁၅ သိန်း တချို့ဆို ၂ သိန်း၊ ၃ သိန်း၊ ကွမ်းယာခုံမှ အစ ကောက်တာ လေ။ ကွမ်းယာဆိုင်မှအစ အသေးအဖွဲ့ ကုန်စိမ်းဆိုင်လည်း ကောက်တယ်။ သူတို့ကဒ်ကို ပေးထားပြီးတော့ ဖုန်း နံပတ်နဲ့ ဆက်ခိုင်းတယ်။ ဆက်ပြီးမှ သူတို့ ဈေးတွေ စစ်ကြတာပေါ့ဗျာ။ တချို့လည်း စစ်လို့ရတာရှိတယ်။ တချို့ လည်း စစ်လို့မရတာ ရှိတယ်။ ဈေးထဲမှာ ဝင်ပြီးတော့ ကောက်တာရှိတယ်။ မြို့ထဲက အိမ်တွေမှာ ဆင်းပြီးတော့ အဲအိမ်မှာ ကောက်တာလည်း ရှိတယ်။ အဲလိုမျိုးပေါ့ သူတို့တွေ ပြောင်ကျကျပဲ နမ့်ခမ်းကို အုပ်ချုပ်နေတာ” ဟု CNI သို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်၀န်း နိုင်ငံရေး အကျပ်အတည်းနှင့် ကိုဗစ်-၁၉ အကျပ်အတည်းများကြောင့် စီးပွားရေး အဆင်မပြေကြသလို စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသည့်အချိန်၌ TNLA ၏ ငွေကြေးကောက်ခံမှု များဖြင့် နမ့်ခမ်း ဈေးသူ/ဈေးသားများကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
ပုံ-နမ့်ခမ်းမြို့မဈေးကိုတွေ့ရစဉ်။
နမ့်ခမ်းမြို့မဈေးသည် တစ်ဦးဖြစ်သူ စိုင်းဆိုင်လင်း(အမည်လွှဲ)က “အရင်တုန်းက ကုန်တိုက်ကြီးတွေ၊ ကုန်မာဆိုင် တွေပဲ ကောက်တာ။ အခုတော့ ဆိုင်တိုင်းလိုလို ကွမ်းယာဆိုင်တောင် မလွတ်ဘူးဗျ။ ကွမ်းယာဆိုင်၊ ခေါက်ဆွဲဆိုင် အားလုံးပဲဗျ။ တချို့ကွမ်းယာဆိုင်တွေက သူတို့ သွားစစ်တာ ငါးသောင်း၊ ရှစ်သောင်း အထိရတယ်။ ဒါပေမယ့် သူတို့ တောင်းတာ သုံးလေးသိန်း အများကြီး တောင်းတာပေါ့”ဟု CNI သို့ ပြောသည်။
နမ့်ခမ်းမြို့မဈေးအတွင်း ငွေကောက်ခံမှုနှင့် ပတ်သက်၍ TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းမှ နိုင်ငံရေးသမားတစ်ဦးက “ပြည်သူပြည်သားလည်း အခုအခက်အခဲတွေ အမျိုးမျိုး တွေ့ တဲ့အချိန်မှာ သူတို့ကလည်း မဆောင်လို့လည်းမဖြစ် မဆောင်တော့လည်း ကိုယ့်အတွက် အန္တရာယ်တော့ ရှိတာ ပေါ့နော်။ ကျနော်မြင်တာတော့ တစ်ဖက်နဲ့ တစ်ဖက် ညှိညှိနှိုင်းနှိုင်း အဲလိုမှ အဆင်ပြေမယ်ထင်တယ်” ဟု CNI သို့ ပြောသည်။
TNLA ၏ ငွေကြေးကောက်ခံမှုနှင့်ပတ်သက်ပြီး မဟာမိတ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ကြားဝင် ညှိနှိုင်းပေးရန် နမ်းခမ်းဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် TNLA ၊ SSPP၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာ့တပ်မတော်၊ ဌာနေပြည်သူ့စစ် စသည့် လက်နက်တပ်ဆင်ထား သည့် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။