အစ္စလာမ္မာဘတ်၊ ဒီဇင်ဘာ ၁၂
ပါကစ္စတန်နိုင်ငံ၊ အနောက်မြောက်ပိုင်းတွင် အစိုးရနှင့်တစ်လကြာ အပစ်အခတ်ရပ်စဲပြီးနောက် ပါကစ္စတန် တာလီဘန်လက်နက်ကိုင်အဖွဲ့၏ ပထမဆုံးတိုက်ခိုက်မှုအတွင်း ပိုလီယိုကာကွယ်ဆေးထိုးအဖွဲ့ကို စောင့်ကြပ် နေသည့် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း အယ်လ်ဂျာဇီးယားက ဖော်ပြသည်။
ပါကစ္စတန်ဘက်ခြမ်းရှိ တာလီဘန်အဖွဲ့ (သို့မဟုတ်) တရားမဝင် တီဟရစ်အီတာလီဘန်ပါကစ္စတန် (TTP) ၏ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ခူရာစနီက ဒီဇင်ဘာ ၁၁ ရက်တိုက် ခိုက်မှုအတွက် မိမိအဖွဲ့တွင် တာဝန်ရှိကြောင်းနှင့် အခြားအရာရှိတစ်ဦးလည်း ဒဏ်ရာရသွားခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ခေဘာပက်ထွန်ခဝပြည်နယ်၊ တန့်ခရိုင်အတွင်းရှိ ကလေးပေါင်း ၆ ဒသမ ၅ သန်း အတွက် ၅ ရက်ကြာ ကာကွယ်ဆေး ထိုးနှံပေးသည့် အစီအစဉ်၏ ဒုတိယမြောက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ဆေးထိုးနှံမှု လှုံ့ဆော်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အိန်မယ်ခန်း
(Aimal Khan) က ပြောသည်။
ထိုဖြစ်စဉ်သည် ပါကစ္စတန်နိုင်ငံအတွင်း ပိုလီယိုကာကွယ်ဆေး ထိုးနှံရေးကြိုးပမ်းမှုကို အနှောင့်အယှက်ပေးသည့် နောက်ဆုံး အကြမ်းဖက်မှုဖြစ်ကြောင်း၊ ပါကစ္စတန်သည် ပိုလီယို အကြောသေရောဂါ အများဆုံးဖြစ်ပွားသည့် ကမ္ဘာ့နှစ်နိုင်ငံထဲတွင် တစ်နိုင်ငံဖြစ်ကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ရေးသားဖော်ပြသည်။
ပုံ-ပိုလီယိုကာကွယ်ဆေးထိုးပေးနေသည့်အဖွဲ့ကို ရဲများ လုံခြုံရေးပေးနေစဉ်။(AFP)
ပိုလီယိုကာကွယ်ဆေးထိုးအဖွဲ့များကို လိုက်ပါစောင့်ရှောက်သည့် ရဲများမှာ မကြာခဏဆိုသလို လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ၏ ပစ်မှတ်ဖြစ်လေ့ရှိပြီး ယင်းသို့ ကာကွယ် ဆေး ထိုးနှံရေး လှုံ့ဆော်မှုများသည် ကလေးများ ကို ထိခိုက်စေရန် အနောက်တိုင်းနိုင်ငံများနှင့် ပူးပေါင်းကြံစည်ကြခြင်းဟု အကြမ်းဖက်အဖွဲ့များက ဆိုကြသည်။
ချက်ဒါရက် (Chaddarah) နယ်မြေတွင် ပိုလီယိုကာကွယ်ဆေးအဖွဲ့နှင့်အတူ ရှိနေသည့်ရဲတပ်ဖွဲ့ကို မော်တော် ဆိုင်ကယ် စီးနင်းလာသည့် သေနတ်သမားနှစ်ဦးက ပစ်ခတ်ခဲ့ကြောင်း ရဲအရာရှိ စဂျက်အာမက်က အေပီသတင်း ဌာနသို့ ပြောသည်။
အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး အခင်းဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အခြား ရဲအရာရှိ တစ်ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း၊ ကာကွယ် ဆေးထိုးအဖွဲ့မှာမူ ထိခိုက်ခြင်း မရှိကြောင်း သိရ သည်။
ပါကစ္စတန်ဘက်ခြမ်းရှိ တာလီဘန် (TTP) များသည် ပြီးခဲ့သည့် ဩဂုတ်လ၌ အာဖဂန်နစ္စတန်နိုင်ငံတွင် အာဏာ သိမ်းခဲ့သော တာလီဘန်အဖွဲ့နှင့် တိုက်ရိုက် မပတ်သက်သည့် သီး ခြားအဖွဲ့ဖြစ်သော်လည်း အာဖဂန်တာလီဘန် အစိုးရက ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းနှင့် TTP တို့ အပစ်အခတ်ရပ်စဲရေးအတွက် အဆင်ပြေ ချောမွေ့ အောင် ကူညီခဲ့သည်။
Source: Aljazeera