CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁

ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့်အချက်က ဒို့တာဝန်အရေး(၃)ပဲဖြစ်သည်ဟု နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ (ဒီဇင်ဘာ ၁၁ ရက်)တွင် ပြောသည်။

ယနေ့ ကျင်းပသည့် တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် နစကဥက္ကဋ္ဌက အဖွင့်အမှာစကားပြောစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရန် လိုအပ်ကြောင်း၊ ထိုမှသာ မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စု တည်ဆောက်ရေးကို ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အဓိကအခြေခံရမည့်အချက်က ပြည်ထောင်စု မပြို ကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေး(၃) ပါးပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ကျစ်လစ်ခိုင်မာတဲ့ ညီညွတ်တဲ့ စုပေါင်းအားကို ဆက် လက်ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ပါတယ်”ဟု ပြောသည်။

မိမိတို့အနေဖြင့် ကျရောက်လာတော့မည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် (၁) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ကျနော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ အမြဲ ပြောဆိုတဲ့စကားရှိပါတယ်။ ဒါကတော့ ဆန္ဒပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုချင်ရင် ငြိမ်းချမ်းရေးကိုလိုချင်တဲ့ စစ်မှန်တဲ့ ဆန္ဒရှိရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ၊ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတယ်၊ သာယာဝပြောစေလိုတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက် သာယာဝပြောလိုတဲ့ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေရှိရပါမယ်၊ ဒီဆန္ဒသဘောထားနဲ့ ကျနော်တို့ရဲ့ တစ်ပေါင်းတစ်စည်းတည်း စုပေါင်း ဆောင်ရွက်မှုတွေရှိလာရင် ကျနော်တို့နိုင်ငံ၊ကျနော်တို့လူမျိုးအတွက် မဖြစ်နိုင်စရာဆိုတာ မရှိဘူးဆိုတာ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းကို ကျနော်တို့ ဘယ်လိုကျော်လွှားခဲ့ကြသလဲဆိုတာက ထင်ရှားတဲ့သက်သေဖြစ်ပါတယ်”ဟု ပြော သည်။

ထို့နောက် နိုင်ငံနှင့် တိုင်းရင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တိုင်းရင်းသားများ၏ စုစည်းမှုအားဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များမှာ တိုင်းရင်းသား အားလုံး၊ သက်ဆိုင်သူ အားလုံးက ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါ၊ နိုင်ငံတော်မှာ လိုအပ်လျက်ရှိသည့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာလာ စေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရန်အတွက် တိုင်းရင်းသား ပြည်သူများအားလုံးက ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ၎င်းက ဆိုသည်။

ထို့အပြင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေးရိက္ခာဖူလုံစေရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါ ဝင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားများ၏ မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ်ပြု လေးစားလိုက်နာပြီး အမျိုး သား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် နစကဥက္ကဋ္ဌက ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အရပ်သားအစိုးရကို ဖြုတ်ချပြီး တပ်မတော်က အာဏာရယူ ထားသည့်အတွက် ဒီမိုကရေစီအရေး တောင်းဆိုမှုများ ဖြစ်ပွားနေသည်။

ထို့ကြောင့် တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့က နိုင်ငံရေးဆွေးနွေးမှုများကို ၁ နှစ် ယာယီရပ်ဆိုင်းကြောင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ရပ်တန့်နေသည်။