CNI International News

တူနစ်၊ ဒီဇင်ဘာ ၁၁

တူနီရှားအစိုးရအနေဖြင့် အခြေခံ လွတ်လပ်ခွင့်များ လေးစားလိုက်နာရန်နှင့် နိုင်ငံကို ဒီမိုကရေစီအဖွဲ့အစည်းများ လက်ဝယ်သို့ ပြန်လည်လွှဲပြောင်းပေးရန် အနောက်အုပ်စု ၇ နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့မှ သံတမန် များက ဒီဇင်ဘာ ၁၀ ရက်တွင် ဝိုင်းဝန်း တိုက်တွန်းခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက ရေးသားဖော်ပြသည်။

တူနီးရှားသမ္မတ ကီယက်ဆီရတ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်က အစိုးရကို ၎င်းလိုသလို ထိန်းချုပ်ခဲ့ပြီး လွှတ်တော်ကို လည်း ဆိုင်းငံ့ထားခဲ့သည်။ အခွင့်အာဏာ အများအပြား တူနီးရှားသမ္မတ ကီယက်ဆီရတ်သည် တစ်ဦးတည်း ဆုပ်ကိုင် ထားခဲ့သည်။

ထို့နောက် တူနီးရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လအတန်ကြာ စီးပွားရေးနှင့်နိုင်ငံရေး မတည်ငြိမ်မှုများ ပိုမိုဆိုးရွား လာခဲ့သည်။

အဆိုပါ အကျပ်အတည်း (၄)လခွဲကာလ လွန်မြောက်ပြီးနောက် သမ္မတ၏ နောက်ထပ် ခြေလှမ်းများအနေဖြင့် ရှင်းလင်း တိ ကျသော အချိန်ဇယား တစ်ခုကို မကြေညာရသေးပေ။ ထို့ကြောင့် တိုင်းပြည်၏ နုံချာနေသော စီးပွားရေးအပေါ် မသေချာ မရေရာမှုများ ပိုဆိုးလာစေခဲ့သဖြင့် ၂၀၁၁ ခုနှစ်က အာရပ်နွေဦး လူထုအုံကြွမှု ဖြစ်ခဲ့ဖူးသော နိုင်ငံအတွက် လွတ်လပ်ခွင့် ဆိုင် ရာ စိုးရိမ်မှုများ ဖြစ်ပေါ်လာစေခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်က ထုတ်ပြန်သော G-7 အုပ်စုဝင် နိုင်ငံများနှင့် EU သံတမန် မစ်ရှင်ခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက် တစ်ရပ်တွင် “ထိရောက်ပြီး ဒီမိုကရေစီနှင့် ပွင့်လင်းမြင်သာသော အုပ်ချုပ်ရေးကို ကျင့်သုံးသည့် တူနီရှားပြည်သူများကို အခိုင် အမာ ထောက်ခံသည်” ဟု ဆိုထားသည်။

ပုံ- တူနီးရှားပြည်သူများ ဒီမိုကရေစီအရေးတောင်းဆိုနေစဉ်။(Reuters)

“တူနီရှားနိုင်ငံ၏ အခြေခံ လွတ်လပ်ခွင့်များအားလုံး လေးစားလိုက်နာရန်နှင့် မတူကွဲပြားသော နိုင်ငံရေးနှင့် အရပ်ဘက် အဖွဲ့ အစည်းများ၏ အသံများ အပါအဝင် သက်ဆိုင်သူ အားလုံးနှင့် ပွင့်လင်းမြင်သာစွာ ထိတွေ့ ဆက်ဆံမှု၏ အရေးပါပုံအား ကျွန်ုပ် တို့ ထပ်လောင်း တိုက်တွန်းပါကြောင်း” ၎င်းတို့က ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

“ရွေးကောက်တင်မြှောက်ခံ လွှတ်တော်သည် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေ၍ ဒီမိုကရက်တစ် အဖွဲ့အစည်းများထံ အဆောတလျင် ပြန်လည်ရောက်ရှိစေမည့် ရှင်းလင်းတိကျသော အချိန်အတိုင်းတာကို တောင်းဆိုပါသည်” ဟု ယင်းထုတ်ပြန် ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

တူနီးရှားနိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေး ပြဿနာများကို နိုင်ငံရေးပါတီများ ဖြေရှင်းနိုင်စွမ်းမရှိဟု ရှုမြင်သူများကတော့ ကီယက်ဆီရတ်၏ ဇူလိုင် ၂၅ ရက် အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြသည်။

သို့သော် နောက်ပိုင်း ကာလများတွင် သမ္မတကီယက်ဆီရတ်သည် လူစုလူဝေး ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရပြီး ၎င်းသည် အာဏာရှင်လက်သစ် ဖြစ်လာပြီဟု စွပ်စွဲသံများလည်း ကျယ်လောင်လာခဲ့သည်။

အရပ်သားများကို စစ်ခုံရုံးများတွင် တရားစွဲဆို စစ်ဆေးခြင်း မပြုရန် လူ့အခွင့်အရေး အုပ်စုများက ထပ်တလဲလဲ သတိပေးထား ကြသည်။

တချိန်တည်းမှာပင် ဆယ်စုနှစ် တစ်ခုအတွင်း ကြွေးမြီ သက်သာခွင့် ရရှိရေးအတွက် နိုင်ငံတကာ ငွေချေးသူများနှင့် ဆွေးနွေး နေမှုများ တုံ့ဆိုင်းသွားခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကြွေးမြီ မဆပ်နိုင်တော့မည့် အရေးကိစ္စကို စိုးရိမ်မှု များပြားလာနေသည်။

Source: Aljazeera