CNI News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် သူနာပြုဆရာမတို့ ဇနီးမောင်နှံနှစ်ဦး ဆိုင်ကယ်မောင်းနှင် နေစဉ် ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပြီးနောက် ပစ်ခတ်သူများအား ဖမ်းဆီးရမိထားသည်ဟု နစက-က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန်ခဲ့ သည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲက ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြား၌ သူ နာပြုဆရာမ ၁ ဦးနှင့် ၎င်း၏ ခင်ပွန်းတို့အား လူငယ်နှစ်ဦးမှ ဆိုင်ကယ်တစ်စီးဖြင့် ကပ်လိုက်လာပြီးနောက် ပစ် ခတ် သတ်ဖြတ်သွားမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ပစ်ခတ်ဖြတ်သတ်မှုတွင် ပါဝင်သူတစ်ဦးအား ဒီဇင်ဘာ ၁၂ ရက် ညနေ ၆ နာရီခွဲတွင် ဖမ်းဆီးရမိခဲ့ ကြောင်း၊ ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော်အနောက်ရပ်ကွက်၊ ၄၂ လမ်း ၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ သွပ်မိုး/ထရံကာ နှစ်ထပ်နေအိမ်တွင် PDF အဖွဲ့ဝင်များ ရောက်ရှိနေ ကြောင်း သိ ရှိရသဖြင့် ည ၉ နာရီ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ နေအိမ်အတွင်းမှ ပြန်လည် ခုခံ ပစ် ခတ်ခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး ဝမ်းဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့သည် ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ PDF အဖွဲ့ဝင် ၇ ဦးအား အသေဖမ်းဆီးရမိ ခဲ့သလို နေအိမ်အတွင်းမှ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၅ ခု၊ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး၊ ၉ မမကျည် ၆၇ တောင့်၊ အားမြှင့်ယမ်း ၄ ခု၊ ဒီတိုနေတာ ၃ ခု၊ အဝေးထိန်းခလုတ် ၃ ခုနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု နစက၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
တခြားတစ်ဖက်မှာတော့ သူနာပြုဆရာမ ဇနီးမောင်နှံ နှစ်ဦးအား ပစ်ခတ်သူမှာ PDF များမဟုတ်ဘဲ နစက၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်ကြောင်း ပြောနေကြသည်။ နစကဘက်ကလည်း PDF အဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ပြီး ပစ်ခတ်သူများကို ဖမ်းဆီးရမိထားကြောင်း CCTV မှတ်တမ်းများနှင့်အတူ ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန် ခဲ့သည်။