CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂
ပြီးခဲ့သည့် နိုဝင်ဘာ ၉ ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် တပ်မ‌တော်တို့ ပစ်ခတ်မှု ပြန်လည် ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာမှာကို ဒေသခံများ က စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိတွင် AA နှင့်တပ်မတော်ကြား နားလည်မှုဖြင့်သာ တိုက်ပွဲရပ်စဲထားသည့်အတွက် အချိန်မရွေးပြန်ဖြစ်ပွားနိုင်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက ပြောသည်။
၎င်းက“တပ်နေရာချထားမှုပေါ့။ ရွှေ့ပြောင်းလှုပ်ရှားမှုပေါ့၊ အဲအချိန်မှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိလာ တတ်ပါတယ်။ ဆိုလိုတာက‌‌တော့ အဓိက Bilateral တို့၊ NCA စာချုပ်တွေ ချုပ်ထားတာတောင်မှ ပြန်တိုက်နေကြတဲ့ အခြေအနေမျိုးမှာ နားလည်မှုနဲ့စစ်ပွဲကို ရပ်စဲထားရတာ စိတ်ချရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါပေမယ့် နှစ်ဖက်လူကြီးတွေက ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့ သိရတယ်။ ဒါကလည်း အောက်မြေပြင်အထိ တိကျတဲ့ သတ်မှတ်ချက် ညွန်ကြားချက်တွေ မလုပ်နိုင်ဘူးဆိုရင်တော့ ဒီလိုခဏ ခဏဖြစ်နေဦးမှာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခြင်းက နိုင်ငံရေးအရ တစ်ဖက်နှင့် တစ်ဖက် ကတိ ကဝတ်များနှင့် နယ်မြေအရ သတ်မှတ်ချက်များ မရှိခြင်းကြောင့် ပြန်ဖြစ်လာခြင်းဟု မြင်မိကြောင်း ဦးဖေသန်းက ပြေ ာသည်။
လက်ရှိမှာ AA နှင့် တပ်မတော်တို့ စစ်ရေးတင်းမာနေသည့် အနေအထားကနေ ပိုမိုပြင်းထန်သည့် တိုက် ပွဲများ မဖြစ်လာစေရန် မျှော်လင့်နေရကြောင်း မောင်တောဒေသခံ စီးပွားရေးသမားတစ်ဦးဖြစ်သူ ကိုကျော်စိန် (အမည်လွှဲ)က CNI သို့ ပြောသည်။
၎င်းက “လုံခြုံရေးနယ်စပ်စောင့်တပ်ဖွဲ့ပေါ့။ ပြီးတော့ စစ်တပ်ပေါ့။ မြောက်ပိုင်းဘက်ကို သွားတာ ကားနဲ့ပေါ့ သွားတာ တွေ့ပါတယ်။ ကျနော်ကတော့ စီးပွားရေးသမားဆို‌တော့ စီးပွားရေးနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်ရှိတာပေါ့။ တစ်ခုခုဖြစ်သွားရင် နယ်စပ်ဘက်သွားတာမို့ အသက်ထွက်နိုင်တယ်။ လမ်းကြောင်းလည်း အစိုးရဘက်က ပိတ်ဆို့ရင် အသွားအလာလည်း မလွယ်ဘူး။ စီးပွားရေ းအဆင်မပြေဘူးပေါ့။ စစ်ပွဲ ဒီထက် ပြင်းထန်လာရင်တော့ စီးပွား‌ရေးကို ထိခိုက်မှာမို့ စိုးရိမ်ချက်ရှိပါတယ်”ဟု ပြောသည်။
မောင်တောဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလင်း(အမည်လွှဲ)ကလည်း တိုက်ပွဲများဖြစ်လာလျှင် စီးပွားရေး ခက်ခဲ လာမှာဖြစ်သည့်အတွက် မဖြစ်လျှင် အကောင်းဆုံးပဲမို့ အေးအေးချမ်းချမ်းသာနေလိုကြောင်း CNI သို့ပြောသည်။
၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ် နို၀င်ဘာလအထိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၂ သိန်းကျော်ရှိသည်ဟု ရခိုင်တိုင်းရင်းသားကွန်ဂရက်(REC) မှ သိရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး AA နှင့် မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်တွင် တစ်ဖန်ထိတွေ့ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့သည်။