CNI International News
မော်စကို၊ နိုဝင်ဘာ ၁၂
ပိုလန်နှင့်ဘီလာရုစ် နှစ်နိုင်ငံနယ်စပ်တွင် ရွှေ့ပြောင်းဝင်ရောက်သူများအရေး အငြင်းပွားမှု ဖြစ်ပေါ်နေစဉ် ရုရှားသည် ၎င်း၏ မဟာမိတ်ကို ထောက်ခံမှု ပြသသည့်အနေဖြင့် နိုဝင်ဘာ ၁၁ ရက်က ဘီလာရုစ်နိုင်ငံသို့ လေ့ကျင့်ရေးမစ်ရှင် တစ်ခုအဖြစ် နျူးကလီးယားဗုံးကြဲ လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
နယ်စပ်အရှေ့ဘက် ကီလိုမီတာ ၆၀ (၃၇ မိုင်ကျော်)အကွာရှိ ဘီလာရုစ်ဘက်ခြမ်း၊ ရူဇနီဒေသ၌ ရုရှား၏ Tu-160 ဗျူဟာသုံး ဗုံးကြဲလေယာဉ်နှစ်စင်းက ဗုံးကြဲလေ့ကျင့်ရေး လုပ်ဆောင်ခဲ့ကြောင်း ဘီလာရုစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ သည်။
ရုရှားသည် ၎င်း၏ နျူးကလီးယား ဗုံးကြဲလေယာဉ်များကို ဘီလာရုစ်ကောင်းကင်ယံသို့ နှစ်ရက်အတွင်း ဒုတိယအကြိမ် စေ လွှတ်ခြင်း ဖြစ်သည်။ အလားတူ ရုရှား Tu-22M3 တာဝေးပစ် ဗုံးကြဲလေယာဉ် နှစ်စင်းသည် နိုဝင်ဘာ ၁၀ ရက်၌ ကင်းလှည့် ပျံသန်းခဲ့ပြီး ဘီလာရုစ်နိုင်ငံပိုင် လေကြောင်းကာကွယ်ရေးစနစ်နှင့်
ကြားဖြတ်လေ့ကျင့်ရေး ဆင်းခဲ့သည်။
အဆိုပါ ရုရှားဗုံးကြဲလေယာဉ် ပျံသန်းမှုများကို ပုံမှန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဆက်လက် ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဗုံးကြဲလေယာဉ်ကင်းလှည့်ခြင်းသည် တတိယနိုင်ငံအတွက် မရည်ရွယ်ကြောင်း ရုရှားစစ်တပ်က ဆိုသည်။
သို့သော် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် ဒီမီထရီပိုလီယန်စကီးက “ပိုလန်-ဘီလာရုစ်နယ်စပ်တင်းမာမှုအတွက် အင်အား ကောင်းကောင်းဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း” နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို အတိ အလင်း ပြောကြားခဲ့သည်။
အနောက်ဥရောပနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ရန် မျှော်လင့်ချက်ဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ထောင်နှင့်ချီသော ရွှေ့ ပြောင်း ဒုက္ခသည်များ ပိုလန်နှင့်ဘီလာရုစ်နယ်စပ်တွင် စုပုံလာချိန်၌ နှစ်နိုင်ငံတင်းမာမှု ဖြစ်ပွားနေစဉ်အတွင်း ရုရှားက ၎င်း၏ မဟာမိတ် ဘီလာရုစ်နိုင်ငံကို အခိုင်အမာ ကျော ထောက်နောက်ခံ ပေးနေခဲ့သည်။
ရုရှားသံတမန် ပိုလီယန်စကီးက ရုရှားနှင့်ဘီလာရုစ်တို့အကြား ဆက်နွှယ်မှုကို ထောက်ပြလျက် “ဘီလာရုစ်နယ်စပ်မှာ စစ် ဘက်ဆိုင်ရာ အကြောင်းတစ်ရပ် ပေါ်ပေါက်ပါက ကျနော်တို့ တုံ့ပြန်သွားမှာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဘီလာရုစ်နိုင်ငံ၏သမ္မတ အလက်ဇန္ဒားလူကာရှန်ကို အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ၎င်းအစိုးရအပေါ် ဥရောပ သမဂ္ဂ(EU) ပိတ်ဆို့ အရေးယူမှုများကို လက်တုံ့ပြန်ရန်အတွက် ပိုလန်နှင့်၎င်းနယ်စပ်၌ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုများ အားပေးအားမြှောက် ပြုထားသည်ဟု EU နိုင်ငံများက စွပ်စွဲထားသည်။
ဘီလာရုစ်နိုင်ငံက အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုသော်လည်း ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်လိုသူများ EU နိုင်ငံများ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြခြင်းအား တားဆီးသွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။