CNI International News
ဂျေရုဆလင် ၊နိုဝင်ဘာ ၁၂
ပါလက်စတိုင်းအစိုးရ အဆင့်မြင့်အရာရှိ ၃ ဦး၏ လက်ကိုင်ဖုန်းများတွင် အစ္စရေးဟက်ကာကုမ္ပဏီဖြစ်သည့် NSO Group မှ ရေးဆွဲထားသည့် သူလျှိုဆော့ဖ်ဝဲ (spyware) များကို တွေ့ရှိခဲ့ပြီး စစ်ရေးသုံး ပီဂါဆပ်(Pegasus)ဆော့ဖ်ဝဲလ်ဖြင့် မိမိတို့ အတွင်းရေး အချက်အလက်များကို အစ္စရေးတို့ ခိုးယူရန် ကြိုးပမ်းခဲ့ကြောင်း ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် စွပ်စွဲလိုက်သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ထဲတွင် မိမိတို့ကို ထောက်လှမ်းနေသည့် NSO ဆော့ဖ်ဝဲကို ယခုဖော်ထုတ်တွေ့ရှိရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ပါလက်စတိုင်း အစိုးရ တာဝန်ရှိသူများက ပြောကြားကြောင်း ရေးသားထားသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် အငြင်းပွားဖွယ်ရာ အကြမ်းဖက်အဖွဲ့များဟု အစ္စရေးက သတ်မှတ်ထားသည့် အရပ်ဘက် အဖွဲ့အစည်းများ၌ လုပ်ကိုင်နေကြသော ပါလက်စတိုင်း လူ့အခွင့်အရေး လှုပ်ရှားသူ ခြောက်ဦး၏ ဖုန်းများထဲမှာ အဆိုပါ ဆော့ဖ်ဝဲကို တွေ့ရှိခဲ့ရသည်။
ထို Spyware သည် ပစ်မှတ်ထားလိုသည့် လူတစ်ဦးဦး၏ စမတ်ဖုန်းအတွင်း လျှို့ဝှက်ထည့်သွင်းနိုင်ပြီး အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်မှုများ အပါအဝင် ၎င်းတို့၏ ဖုန်းလုပ်ဆောင်ချက်များကို ဝင်ရောက်ထောက်လှမ်းနိုင်သည်။ ထိုဖြစ်စဉ်များအပေါ် သဘောထားမှတ်ချက်ပေးရန် အေပီက တောင်းခံခဲ့သော်လည်း အစ္စရေးတာဝန်ရှိသူများက ချက်ချင်း တုံ့ပြန်ခြင်း မရှိပေ။
အလားတူ NSO Group ကလည်း ၎င်းတို့၏ ဝန်ဆောင်မှုကို သုံးစွဲနေသူများအား ထုတ်ဖော်ပြောကြားခြင်း မရှိသလို ပစ်မှတ် ထားသည့် လူတစ်ဦးချင်းစီထံမှ အချက်အလက်များလည်း မရှိကြောင်း၊ သီးခြားစွပ်စွဲချက်များအပေါ် မှတ်ချက် မပေးလို ကြောင်း ငြင်းဆိုခဲ့သည်။
ပါလက်စတိုင်း ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ဖွဲ့က ဖုန်းအများအပြားကို ယူဆောင်စစ်ဆေးခဲ့ရာ ယင်းတို့အနက် ဖုန်း ၃ လုံး တွင် ပီဂါဆပ်ဆော့ဖ်ဝဲ တွေ့ရှိခဲ့ရကြောင်း နိုင်ငံရေးဆိုင်ရာ ပါလက်စတိုင်း လက် ထောက်နိုင်ငံခြားရေးဝန်ကြီး အာမက် အယ်လ်ဒက် (Ahmed al-Deek) က ပြောကြားခဲ့သည်။
ပါလက်စတိုင်းတို့ ဖော်ထုတ်တွေ့ရှိချက် ရလဒ်များကို ပြင်ပသုတေသီများ စစ်ဆေး အတည်ပြုခြင်း ရှိ/မရှိ လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။
“ဒီဖုန်း ၃ လုံးထဲကို ထိုးဖောက်စုံစမ်းခံရတာ ရာနှုန်းပြည့် သေချာပါတယ်။ သူတို့က အဆင့်မြင့် အရာရှိတွေပါ” ဟု အာမက်အယ်လ်ဒက်က ပြောသည်။
ဟက်ကာ ထိုးဖောက် ဝင်ရောက်သည့် အစ္စရေးလုပ်ရပ်ကို ပါလက်စတိုင်းက အပြစ်တင်ခဲ့သည်။ ထိုလုပ်ရပ်သည် နိုင်ငံတကာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုနှင့် အကျင့်ပျက်ခြစားမှု သတ်မှတ်၍ ပါဝင်ပတ်သက်သူ အားလုံးကို နိုင်ငံ တကာ အသိုင်းအဝိုင်းအနေဖြင့် သပိတ်မှောက်ရန် ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် တိုက် တွန်း ထားသည်။