CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂
အာဆီယံပြင်ပ အသိုက်အဝန်းများ၏ အသွေးအရောင်စုံ ဖိအားပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိုမှုနှင့်အတူ စည်းလုံး ညီညွတ်သော အာဆီယံအဖွဲ့အတွင်း ဝင်ရောက်စွက်ဖက်မှုများကို သတိပြုကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက)ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
၂၂ ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက်ပိုင်းက Virtual Coferencing ဖြင့် ကျင်းပရာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way များကို ကျော်လွန် ဆောင်ရွက် လာသည်မှာ မြန်မာနိုင်ငံတစ်ခုတည်း အပေါ်ကိုသာ သက်ရောက်မည်မဟုတ်ဘဲ ကျန်အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အားလုံး အပေါ်တွင်လည်း တစ်နည်းမဟုတ် တစ်နည်း မည်သည့် အချိန်မျိုးတွင်မဆို ယခုကဲ့သို့ အာဆီယံပြင်ပ အသိုက်အဝန်းများ ၏ အသွေးအရောင်စုံ ဖိအားပေး၊ သွေးထိုး၊ သွေးခွဲ၊ သပ်လျှိုမှုနှင့်အတူ စည်းလုံးညီညွတ်သော အာဆီယံအဖွဲ့အတွင်း ဝင် ရောက်စွက်ဖက်မှုများ၊ တစ်နည်းအားဖြင့် အာဆီယံနိုင်ငံအချင်းချင်း မျက်နှာထက်ကျော်လွန်ကြည့်ရသည့် သက်ရောက် မှုများ ရှိလာနိုင်သည်ကိုလည်း သတိပြုကြစေလိုပါတယ်”ဟု ပြောသည်။
ထို့နောက် ပိုမိုစည်းလုံးညီညွတ်သည့် အာဆီယံအသိုက်အဝန်းဖြစ်လာရန်အတွက် အာဆီယံကြည်းတပ်များ အဆင့်မှ သည် နိုင်ငံအဆင့်အထိ ယခင်ထက်ပို၍ နားလည်မှုရှိရန်၊ ယုံကြည်မှုရှိရန်၊ အပြန်အလှန် လေးစားရန် လိုအပ်သည်ဟု လည်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာကို အမြဲတစေ လေးစားခဲ့သလို မည်သည့် နိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိခဲ့ကြောင်း၊ သို့သော် ယနေ့ အာဆီယံထိပ်သီး အစည်း အဝေးတွင်မက ဆွေးနွေးဖက်နိုင်ငံများနှင့် အစည်းအဝေးများတွင်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များကို ကြည့်ပါက ASEAN Centrality၊ ASEAN Unity နှင့် ASEAN Way ကို ထိခိုက်လာပြီလားဆိုသည်ကို သံသယဖြစ်စရာ တွေ့ရှိလာရကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထောက်ပြခဲ့သည်။