ဝါရှင်တန်၊နိုဝင်ဘာ ၁၃
ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေးနှင့် ကုန်သွယ်ရေးတင်းမာမှုများ တိုးလာစဉ်အတွင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နိုဝင်ဘာ ၁၅ ရက်၌ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံရန် အစီအစဉ် ရှိကြောင်း အိမ်ဖြူတော်နှင့် ဘေဂျင်းတို့က အသီးသီးကြေညာခဲ့ကြသည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် Channel News Asia ဝက်ဘ်ဆိုက်က ဖော်ပြသည်။
ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံးနှစ်နိုင်ငံကြား ဆက်ဆံရေးသည် မကြာသေးမီက ပိုမိုဆိုးရွားလာခဲ့ရာ အထူး သဖြင့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ဒီမိုကရေစီနိုင်ငံဖြစ်သည့် ထိုင်ဝမ်ကျွန်းအနီး တရုတ်က ပြီးခဲ့သည့်လက လေ ကြောင်းမှ အကြိမ်ကြိမ်ကျူးကျော်ဝင်ရောက်မှု စံချိန်တင်ခဲ့သည်။
ဝါရှင်တန်သည် ဘေဂျင်း၏ရန်လိုမှုရင်ဆိုင်နေရသော ထိုင်ဝမ်အား ထောက်ခံကြောင်း ထပ်တလဲလဲ ပြသခဲ့ သော်လည်း ၎င်းတို့နှစ်နိုင်ငံသည်ပင် ဂလပ်စဂိုးမြို့၊ ထိပ်သီးအစည်းအဝေးပွဲ၌ ရာသီဥတုဆိုင်ရာ သဘော တူညီချက်တစ်ခုကို အံ့အားသင့်စရာ ရရှိခဲ့သည်။
“ခေါင်းဆောင်နှစ်ဦးတို့ဟာ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုကို တာဝန်သိသိ စီမံခန့်ခွဲဖို့ နည်းလမ်းတွေနဲ့ ကျမတို့ရဲ့ အကျိုးစီးပွား တညီတညွတ်တည်းရှိစေမယ့် နည်းလမ်းတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်” ဟု အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းဝန် ဂျန်ဆာကီ က ပြောကြားခဲ့သည်။
“အခုကာလတလျှောက်လုံးမှာ သမ္မတဘိုင်ဒန်ဟာ အမေရိကန်ရဲ့ရည်ရွယ်ချက်တွေနဲ့ ဦးစားပေးမှုတွေကို ရှင်းရှင်းလင်းလင်းပြောပြီးသားဖြစ်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့လည်း ကျမတို့စိုးရိမ်မှုတွေကို ပြတ်ပြတ် သားသား လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ အွန်လိုင်းတွေ့ဆုံမှုကို ဝါရှင်တန်ဘက်ခြမ်း၌ နိုဝင်ဘာ ၁၅ ရက်၊ ညနေပိုင်း၌ စတင်မည်ဖြစ်ပြီး ဘေဂျင်းဘက်ခြမ်း၌ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းကျရောက်မည်ဖြစ်ကြောင်း ၎င်းက ကြေညာသွားခဲ့သည်။
တရုတ်နိုင်ငံ၏ တရားဝင်သတင်းဌာနဖြစ်သည့် ဆင်ဟွာကလည်း အဆိုပါတွေ့ဆုံမှုမည့်ကိစ္စကို အတည်ပြုသည့် သတင်းဖော်ပြခဲ့သည်။
ဝါရင့်ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမား ဘိုင်ဒန်အနေဖြင့် အိမ်ဖြူတော်သို့ စတင်ရောက်ရှိလာကတည်းက ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ နှစ်ကြိမ်တိုင်တိုင် တယ်လီဖုန်းဖြင့် စကားပြောခဲ့ပြီးဖြစ်သည်။ ဘိုင်ဒန်သည် ဘားရက် အိုအားမားလက်ထက် ဒုတိယသမ္မတတာဝန်ထမ်းဆောင်နေချိန်နှင့် ဟူကျင်တောင်လက်ထက် ရှီကျင့်ဖျင်က ဒုတိယသမ္မတတာဝန်ထမ်းဆောင်နေချိန် ကာလများမှာလည်း ၎င်းတို့နှစ်ဦး အကျယ်တဝင့် တွေ့ဆုံဆွေးနွေး ခဲ့ဖူးသည့် နောက်ခံရာဇဝင်ရှိခဲ့ကြသည်။
ဘိုင်ဒန်သည် အီတလီနိုင်ငံ၊ ရောမမြို့၌ မကြာသေးမီက ကျင်းပခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ရှီနှင့်တွေ့ဆုံရန် မျှော်လင့်ခဲ့သော်လည်း ရှီက ကိုဗစ်ကူးစက်ရောဂါ စတင်ကတည်းက ခရီးသွားလာခြင်းရှောင်ကြဉ်ခဲ့ပြီး ယခု နှစ်ကုန်ပိုင်းမှသာ အွန်လိုင်းအစည်းအဝေးများ ပြုလုပ်သွားရန် သဘောတူခဲ့သည်။
Source: AFP, Channel News Asia