မော်စကို ၊နိုဝင်ဘာ ၁၃

ယူကရိန်းနိုင်ငံအနီး ၎င်း၏တပ်များ တိုးမြှင့်ချထားခြင်းသည် မော်စကို၏ ရန်လိုသော ရည်ရွယ်ချက်ကို ထပ်ဟပ်စေသည်ဆို သော စွပ်စွဲချက်များကို ရုရှားနိုင်ငံ၊ ကရင်မလင်နန်းတော်က ငြင်းဆိုလိုက်သည်။

ထို့နောက် နေတိုး၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ၎င်းလုံခြုံရေးကို အသေအချာ ကြပ်မတ်နေကြောင်း အေပီသတင်းဌာနက နိုဝင်ဘာ ၁၂ တွင် ဖော်ပြခဲ့သည်။

မော်စကိုသည် ယူကရိန်းကို ကျူးကျော်ရန် ရည်ရွယ်ချက်ရှိကြောင်း စွပ်စွဲမှုများသည် တင်းမာမှုဖြစ်ပေါ်စေရန် အခြေအမြစ် မရှိသော လှုံ့ဆော်မှုများအဖြစ် အနောက်အုပ်စု မီဒီယာများ၏ ဖော်ပြချက်များသာ ဖြစ်ကြောင်းနှင့် ယခုစွပ်စွဲချက်များအပေါ် ကိုလည်း ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမီထရီပက်စကော့ဗ်က အတိအလင်း ငြင်းဆိုခဲ့သည်။

“ရုရှားက ဘယ်သူ့ကိုမှ မခြိမ်းခြောက်ပါဘူး။ ကျနော်တို့နယ်မြေတွေမှာ တပ်တွေ ရွေ့လျားမှုကြောင့် ဘယ်သူမှ စိုးရိမ်စရာ အကြောင်းမရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားသည် ၎င်း၏အိမ်နီးချင်းလည်းဖြစ်ပြီး ယခင်ဆိုဗီယက်ပြည်ထောင်စုတွင်လည်း အစိတ်အပိုင်း ဖြစ်ခဲ့ဖူးသည့် ယူကရိန်း နိုင်ငံကို ထပ်မံဖိအားပေးရန် သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များအား ယူကရိန်း-ရုရှားနယ်စပ်အနီး အရွှေ့အပြောင်း လုပ်နေ ကြောင်း ယူကရိန်းက ယခင်သီတင်းပတ်၌ အပြစ်တင်ခဲ့သည်။

ပုံ-ရုရှားတပ်ဖွဲ့၀င်ကိုတွေ့ရစဉ်။

ထို့ပြင် ရုရှားသည် ယူကရိန်းနိုင်ငံနှင့် ထိစပ်နေသော ခရိုင်းမီးယားကျွန်းဆယ်ကို ၂၀၁၄ ခုနှစ်က ပြောင်ပြောင် တင်းတင်း သိမ်းပိုက်ခဲ့ပြီး ယင်းနှစ်အတွင်းမှာပင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သော ခွဲထွက်ရေးသူပုန်ထမှုကို အားပေး ထောက် ခံခဲ့သည်။

ယူကရိန်းအရှေ့ဘက်ခြမ်းရှိ သူပုန်ထိန်းချုပ်နယ်မြေများတွင် ရုရှားတပ်ဖွဲ့ဝင် ၉၀,၀၀၀ (ကိုးသောင်း) ခန့်သည် နယ်စပ်နှင့် မလှမ်းမကမ်းတွင် ဖြန့်ကြက်ထားကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်း-ရုရှားနယ်စပ်၏ မြောက်ဘက် ကီလိုမီတာ ၂၆၀ (မိုင် ၁၆၀) ခန့်အကွာရှိ ယူကရိန်းနယ်နိမိတ်အတွင်း ရုရှားတပ်မ ၄၁ မှ တပ်ဖွဲ့ဝင်အချို့ ကျန်နေသေးကြောင်း ၎င်းဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။

“ရုရှားတပ်တွေက ခွဲထွက်ရေး သူပုန်တွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တပ်ဖွဲ့ဝင်အင်အား ၂,၁၀၀ လောက် တပ်စွဲထားသေး တယ်” ဟု ယူကရိန်းတပ်ဖွဲ့၏ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ဗာလာရိုင်းဇလူဇနီက နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြား ခဲ့သည်။

စင်စစ်အားဖြင့် ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေး သူပုန်ထမှုနောက်ကွယ်တွင် ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၄,၀၀၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သည်။ သို့သော် မော်စကိုက ယူကရိန်းအရှေ့ပိုင်းတွင် ၎င်းတပ်များ ချထားခြင်း မရှိကြောင်း ထပ်တလဲလဲ ငြင်းဆိုခဲ့သည်။

Source: AP