CNI International News
အန်ကာရာ၊ နိုဝင်ဘာ ၁၃
မကြာသေးမီကာလအတွင်းက ဥရောပသမဂ္ဂ(EU) နိုင်ငံများဆီသို့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်ရန် ကြိုးစားနေသူများနှင့် ဒုက္ခသည်များအတွက် အဓိကအချက်အချာကျသော ဘီလာရုစ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားလိုသူ အီရတ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများအတွက် တူရကီနိုင်ငံက လေယာဉ်လက်မှတ်များ ရောင်းချခြင်းကို နိုဝင်ဘာ ၁၂ ရက်၌ ရပ်နားလိုက် ကြောင်း အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။
ဘီလာရုစ်အာဏာပိုင်များသည် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းဝင်ရောက်သူများ ဘီလာရုစ်နိုင်ငံ၏မြို့တော် မင့်ခ်သို့ရောက်ရှိ နေခြင်းကို ရပ်တန့်လိုသည့်အတွက် EU နိုင်ငံများသို့ အလွယ်တကူသွားနိုင်ရန် လမ်းဖွင့်တစ်ဖက်လှည့် လမ်းကြောင်းဖွင့်ပေး နေသည်ဟု EU က စွပ်စွဲထားသည်။
နွေရာသီကတည်းက ထောင်နှင့်ချီသော ရွှေ့ပြောင်းလာသူများသည် ပိုလန်၊ လစ်သူယေးနီးယားနှင့် လတ်ဗီးယား စသည့် EU နိုင်ငံများထံသို့ ရောက်ရှိသွားကြသည်။ အချို့မှာ နယ်စပ်ဒေသများတွင် ပိတ်မိနေကြပြီး အေးခဲနေသော ဥရောပ ရာသီဥတု အောက်တွင် ကြမ်းတမ်းခက်ခဲစွာ အိပ်စက်နေကြသည်။
EU နှင့် ဘီလာရုစ်တို့အကြား ဆက်ဆံရေး ယိုယွင်းလာပြီးနောက် အကျပ်အတည်း တစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ဘီလာရုစ် အာဏာရှင် အလက်ဇန္ဒားလူကာရှန်ကို (Alexander Lukashenko) သည် ယမန်နှစ် ရွေးကောက်ပွဲ ဆဋ္ဌမအကြိမ် အနိုင်ရခဲ့ ခြင်းအပေါ် လိမ်လည်လှည့်ဖြားမှုအဖြစ် ကမ္ဘာ့နိုင်ငံအချို့က ပြစ်တင်ရှုတ်ချခဲ့သည်။
ပုံ- ရွှေ့ပြောင်းအခြေချများကိုတွေ့ရစဉ်။ (AP)
“ဒီလေကြောင်းလိုင်း အားလုံးကနေ လူကုန်ကူးမှုပုံစံ ဖြစ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု သယ်ယူပို့ဆောင် ရေးဆိုင်ရာ EU ကော်မရှင်မှ ပြောခွင့်ရသူ စတီဖန်ဒီကီရာစမတ်ကာက ပြောကြားခဲ့သည်။
တူရကီ အရပ်ဘက်လေကြောင်း အာဏာပိုင်များ၏ နိုဝင်ဘာ ၁၂ ရက် ဆုံးဖြတ်ချက်ကို တုံ့ပြန်သောအားဖြင့် ဘီလာရုစ်နိုင်ငံမှ ဘယ်လာဗီးယားလေကြောင်းလိုင်းကလည်း ၎င်း၏ အစ္စတန်ဘူလ်-မင့်ခ်လေကြောင်း ခရီးစဉ်များတွင် အီရတ်၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံသားများ လိုက်ပါစီးနင်းခြင်းကို ချက်ချင်းရပ်တန့်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဘီလာရုစ်နိုင်ငံမှ အတိုက်အခံသမား ပါဗဲလက်တူရှကာက “လတ်တလော အနေအထားတွင် ဘီလာရုစ် နိုင်ငံ၊ မင့်ခ်မြို့သို့ အရှေ့အလယ်ပိုင်းမှ လေ ကြောင်းခရီးစဉ်များ တိုးမြှင့်ထားကြောင်း၊ အစ္စတန်ဘူလ်၊ ဒမတ်စကပ်၊ ဒူဘိုင်းနှင့် ဘေရွတ်မြို့တို့မှ မင့်ခ်မြို့သို့ တစ်ပတ်လျှင် လူ ၄၀ နှုန်းဖြင့် လာမည့်မတ်လအထိ ပြေးဆွဲပျံသန်းရန် စီစဉ်ထားကြောင်း” အေပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ပုံ-ရွှေ့ပြောင်းအခြေချများကြောင့် လုံခြုံရေးချထား။(AP)
နိုဝင်ဘာ ၁၂ ရက် တစ်ရက်တည်းမှာပင် တူရကီ၊ အီဂျစ်၊ လက်ဘနွန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) တို့မှ လေ ကြောင်းခရီးစဉ် ၁၁ ခုအထိ မင့်ခ်မြို့သို့ ဆင်းသက်ခဲ့ကြောင်း ဘီလာရုစ် ယဉ်ကျေးမှုဝန်ကြီးဟောင်းနှင့် ယခုနိုင်ငံရေး အတိုက် အခံ သမားဖြစ်နေသူ ပါဗဲလက်တူရှကာက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါရွှေ့ပြောင်း ဝင်ရောက်လိုသူများသည် မင့်ခ်မြို့သို့ ရောက်သည့်အခါ ၎င်းတို့ပေးချေထားသော ငွေကြေးပမာဏအပေါ် မူတည်၍ ဟိုတယ်များနှင့် အခြားတည်းခိုရန်နေရာများသို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းတို့အတွက် အဖွဲ့တစ်ဖွဲ့ထားပေးပြီး ဘီလာရုစ် အာဏာပိုင်များနှင့် ဥပဒေအရာရှိများက အကူအညီပေးလျက် ဘီလာရုစ်-ပိုလန်နယ်စပ်သို့ ဆက်လက် ခေါ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်လိုသူများထဲတွင် အီရတ်ကာ့ဒ်များကြောင့် ပဋိပက္ခဖြစ်ပွားပြီး နှိပ်စက်ညှင်းပန်းခံရခြင်း (သို့မဟုတ်) ဆင်းရဲ မွဲတေခြင်းတို့မှ လွတ်မြောက်အောင် ထွက်ပြေးလာသည့် ဆီးရီးယားနိုင်ငံများလည်း ပါဝင်သည်။ ၎င်းတို့ အများစုသည် ဂျာမနီ (သို့မဟုတ်) အခြား အနောက်ဥရောပနိုင်ငံများသို့ ဦးတည်ရောက်ရှိရန် ရည်ရွယ်ကြသည်။
Source: AP