၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနှင့် ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ တွေ့ဆုံ ဆွေးနွေးနိုင်ခြေရှိကြောင်း သံတမန် အသိုင်းအဝိုင်းထံမှ သိရသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ယခင်နှစ်က မစ္စတာ ဆာဆာကာဝါ ရခိုင်ပြည်နယ်သို့ လာရောက်စဉ်တွင် AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တွေ့ဆုံ ဆွေး နွေးမှုများ ရှိခဲ့သည့်အတွက် ယခုတစ်ကြိမ်တွင်လည်း တွေ့ဆုံဆွေးနွေးနိုင်ကြောင်း CNI သို့ ပြောသည်။

၎င်းက “မနှစ်က ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ကြည့်ရင်က‌တော့ မစ္စတာဆာဆာကာဝါနဲ့ ရက္ခိုင့်တပ်တော် (AA)နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ဆက်သွယ် စကားပြောခဲ့တာတွေ မနှစ်က ရှိပါတယ်။ နောက် မြန်မာ့တပ်မတော်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း မစ္စတာ ဆာဆာကာဝါ ကိုယ်တိုင်နဲ့လည်း တွေ့ဆုံ ပြီးတော့ မနှစ်က ဆောင် ရွက်ခဲ့တာတွေလည်း ရှိတယ်။ အဲတာကြောင့် တွေ့ဆုံညှိနှိုင်းဖူးတဲ့ ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ ဆက်သွယ်မှု ရှိပြီးသား ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကတော့ ဆက်လက်ပြီးတော့ အကျိုးရှိမယ့် ငြိမ်းချမ်း ရေး ကိစ္စတွေကို ဒီပုဂ္ဂိုလ်ကြီးတွေနဲ့ ဆက်လက် ဆောင်ရွက်ပြီးတော့ ဆက်သွယ် ဆောင်ရွက်နိုင်ကောင်း ဆောင် ရွက်နိုင်မယ်လို့တော့ ကျ‌နော်တို့ အဲလိုပဲ ယုံကြည်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နှင့် AA တို့ (၂) နှစ်ကျော် တိုက်ပွဲဖြစ်ပွားမှုကို မစ္စတာ ဆာဆာကာဝါ၏ ကြားဝင် စေ့စပ်မှုကြောင့် တိုက်ပွဲများ ရပ်တန့်ခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ်သည်။

ပုံ-မစ္စတာဆာဆာကာဝါကိုတွေ့ရစဉ်။

မစ္စတာ ဆာဆာကာဝါ၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင် ခိုင်မာသည့် ငြိမ်းချမ်းရေး ပေါ်ပေါက်ရန်နှင့် တိုက်ပွဲ ရှောင်များကိစ္စကို ကူညီဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

၎င်းက“မစ္စတာ ဆာဆာကာဝါ မနှစ်က ဒီလိုအချိန်မှာ လာတုန်းကတော့ ဒီပုဂ္ဂိုလ်ကြီးက ရခိုင်ပြည်မှာ ရှိနေတဲ့ စစ် ဘေးရှောင် စခန်းတွေနဲ့ ကျောက်‌တော်မြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး တော့ လေ့လာခဲ့တဲ့ လုပ်ငန်းစဉ် မနှစ်က ရှိခဲ့ပါတယ်။ စိတ်လည်း စိတ်ဝင်စားတဲ့ပုံ ပေါ်ပါတယ်ခင်ဗျ။ ကူလည်း ကူညီပေးချင်ပုံ ပေါ်ပါတယ်။ အဲတာကြောင့် ဒီတစ်ခေါက်လာရင်လည်း မစ္စတာ ဆာဆာကာဝါ အနေနဲ့ ရခိုင်ပြည် မှာ ခိုင်မာတဲ့ ငြိမ်းချမ်းရေး၊ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့နဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေး ပေါ် ပေါက်ဖို့အတွက်ကတော့ ဆောင်ရွက်ပေးနိုင်ကောင်း ပေးနိုင်မယ်လို့ မျော်လင့်နေကြတယ်။ နောက်တစ်ခုက စစ်ဘေးရှောင် ကိစ္စတွေကို လည်း ‌ဆောင်ရွက်ပေးမယ်။ ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်ခင်ဗျ”ဟု CNI သတင်းဌာန သို့ ပြောသည်။

မစ္စတာ ဆာဆာကာဝါသည် ANP အပါအဝင် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) တို့နှင့်လည်း တွေ့ဆုံရန် ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ဆာဆာကာဝါသည် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ် ကြောင်း ANP ပါတီထံမှ သိရသည်။

မစ္စတာ ဆာဆာကာဝါသည် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန် လည် သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်လည်း ဖြစ်သည်။၎င်းသည် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေး နေသူဖြစ်သည်။