CNI News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၃

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ မြန်မာပြည်ကို နိုဝင်ဘာ ၁၂ ရက်နေ့က ရောက်ရှိလာခဲ့သည်။

ထို့နောက် ယနေ့ (နိုဝင်ဘာ ၁၃ ရက်)တွင် နေပြည်တော်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကြမည်ဖြစ်သလို ဝန်ကြီးတချို့ဖြင့်လည်း သီးခြားတွေ့ဆုံမည်ဟု သံတမန်အသိုင်းအဝန်းက သိရသည်။

ထို့နောက် ရခိုင်ပြည်နယ်သို့ သွားရောက်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ(ANP) အပါအဝင် ရခိုင်လူမှုရေး အသင်းအဖွဲ့များ၊ ပုဂ္ဂိုလ်များဖြင့်တွေ့ဆုံကြမည်ဖြစ်သည်။

အလားတူ နိုဝင်ဘာ ၁၆ ရက်၊ ၁၇ ရက်၊ ၁၈ ရက်များတွင် ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ် တချို့ကို တွေ့ဆုံ သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သံတမန်အသိုင်းအဝန်းများထံမှ ကြားသိရသည်။

မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ငွေကြေးနှင့် နည်းပညာ အထောက်အကူများ ပံ့ပိုးပေးလျက်ရှိ သလို စစ်ကြောင့် နေရပ်စွန့်ခွာသူများ ပြန်လည်ထူထောင်ရေးအတွက်လည်း အထောက်အကူများ ပေးလျက်ရှိသည်။

တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်နိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။