မဏိပူရ၊နိုဝင်ဘာ ၁၄

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချူရာချန်ပါခရိုင်၊ ဘန်ဟမ်းမြို့အနီး နိုဝင်ဘာ ၁၃ ရက်၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီက စစ်သွေးကြွများ ခြုံခိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးအနက် အိန္ဒိယကြည်းတပ်မှ ဗိုလ်မှူးကြီး ၁ ဦး၊ ၎င်း၏ဇနီးနှင့် သားတို့ ပါဝင်ကြောင်း newindianexpress.com ၌ ရေးသားဖော်ပြထားသည်။

အခြား သေဆုံးသူ ၄ ဦးမှာ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များဖြစ်ကြပြီး တပ်ဖွဲ့ဝင် ၃ ဦးမှ ၄ ဦးအထိ ဒဏ်ရာ ရရှိ ခဲ့ကြောင်း ထောက်လှမ်းရေးအေဂျင်စီမှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အာသံရိုင်ဖယ်တပ်၏ထုတ်ပြန်ချက်ထဲတွင် “ခူဂါ (Khuga) တပ်ရင်းမှ ကွပ်ကဲရေးအရာရှိ ဗိုလ်မှူးကြီး ဗစ်လက်ထရီပသီနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် မိသားစုနှင့်အတူ ဆစ်ကန်ကျေးရွာသို့ သွားရောက်စဉ် စစ်သွေးကြွများ၏ ခြုံခိုတိုက်ခိုက်မှုခံခဲ့ရကြောင်း၊ ပစ်ခတ်မှုများအတွင်း ဗိုလ်မှူးကြီးနှင့် မိမိတို့တပ်ဖွဲ့ဝင် ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း” ဖော်ပြထားသည်။

ထို့ပြင် ဗိုလ်မှူးကြီး၏မိသားစုဝင်များဖြစ်ကြသည့် ဇနီးနှင့် ခြောက်နှစ်အရွယ် သားတို့လည်း အသက်ဆုံးရှုံး ခဲ့ရကြောင်း၊ ဒဏ်ရာရသွားသော အခြားတပ်ဖွဲ့ဝင်များကို ဘန်ဟမ်းမြို့ ကျန်းမာရေးဌာနသို့ ပို့ဆောင်၍ ဆေးကုသပေးခဲ့ရကြောင်း ၎င်းထုတ်ပြန်ချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ စစ်သွေးကြွများသည် ချူရာချန်ပါခရိုင်၊ ဆစ်ကန်ကျေးရွာတွင် ခြုံခိုတိုက်ခိုက်ခဲ့ကြကြောင်း ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် မဏိပူရနာဂပြည်သူ့တပ်ဦး (MNPF) တို့၏ပူးတွဲကြေညာချက်ထဲတွင် အခိုင်အမာ ပြောကြားထားသည်။

သေဆုံးသူ ဗိုလ်မှူးကြီး ဗစ်လက်ထရီပသီသည် ယခင်က မီဇိုရမ်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအထိ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်နှင့် ကုန်းတွင်းပိုင်းရှိ တရားမဝင်မှောင်ခိုကုန်ကူးမှုများ တားဆီးရန် နယ်စပ် စီမံကွပ်ကဲရေးအရာရှိအဖြစ် မဏိပူရပြည်နယ်၊ ချူရာချန်ပါခရိုင်၊ ခူဂါနယ်မြေသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးကြီးထရီပသီ၏ ကွပ်ကဲမှုအောက်တွင် ခူဂါနယ်မြေခံတပ်ရင်းသည် အစိုးရဆန့်ကျင်ရေးအင်အားစုများ လက်သို့ ရောက်ရှိနိုင်သည့် လက်နက်အများအပြားကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အသေအပျောက် များပြား စေမည့်အရေးကိစ္စများကို ရှောင်ရှားနိုင်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီ၊ ကာကွယ်ရေးဝန်ကြီး ရက်ဂျ်နက်ဆင်း၊ မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န်ဘီရမ်ဆင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီး ချုပ် မာမာတာဘနာဂျီတို့က ပြင်းပြင်း ထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

 

Source: newindianexpress.com