CNI International News

ကီတို၊ နိုဝင်ဘာ ၁၄

အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တစ်ခုအတွင်း ပြိုင်ဘက်ဂိုဏ်းများမှ အကျဉ်သားများ သေနတ်၊ ဖောက်ခွဲရေး ပစ္စည်းများ၊ ဓါးများဖြင့် အချင်းချင်း တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ တစ်လအတွင်း သေဆုံးသူ ၆၈ ဦးထက် မနည်း ရှိခဲ့ကြောင်း အစိုးရဘက်မှ တာဝန်ရှိသူများက နိုဝင်ဘာ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အီကွေဒေါနိုင်ငံ၊ အကြီးဆုံးမြို့ဖြစ်သော ဂွာယာကွဲမြို့ရှိ အကျဉ်းထောင်အတွင်း ခိုက်ရန်ဖြစ်ပွားမှုများ၌ ရက်စက် ကြမ်းကြုတ်စွာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြကြောင်း ဂွာယက်ပြည်နယ်အုပ်ချုပ်ရေးမှူး ပါဘလိုအရိုစီမန်နာက ပြောကြားခဲ့သည်။ အထူးသဖြင့် အကျဉ်းထောင်တံခါးအနီး သေနတ်ဖြင့် ပစ်ခတ်မှုများက အလွန် ပြင်းထန် ခဲ့ကြောင်း ၎င်းက ဆက် လက်ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီခန့်၌ အကျဉ်းသားအချို့က ၎င်းတို့ပြိုင်ဘက်များ ချုပ်နှောင်ထားရာ အခန်းဝသို့ ဝင်ရောက်ရန်ကြိုးပမ်းစဉ် သေနတ်များ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် ဓားများဖြင့် အဓိကရုဏ်း စတင် ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ လာရောက်ထိန်းသိမ်းခဲ့ရသည်။

“ဒီဖြစ်ရပ်တွေဟာ အချုပ်ခန်းတွေထဲ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ နယ်မြေအငြင်းပွားမှုကြောင့်ပဲဖြစ်ပါတယ်” ဟု အီကွေဒေါ ရဲမှူးချုပ် တန်ညာဗာရီလာက ပြောသည်။

အဆိုပါရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် အကျဉ်းသား ၆၈ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း အီကွေဒေါ အစိုးရရှေ့နေ့ရုံးက တွစ်တာလူမှုကွန်ရက်တွင် ‌ရေးသားဖော်ပြ သည်။

အခြေအနေပြန်လည်ထိန်းသိမ်းနိုင်ရန် ရဲတပ်ဖွဲ့က ကြားဝင်ခဲ့ရပြီး ထောင်သားများ၏အသက်ကို ကယ်တင် ခဲ့ရကြောင်း ဂွာယက်ပြည်နယ်အုပ်ချုပ်ရေးမှူး ပါဘလိုအရိုစီမန်နာက ပြောသည်။

အကျဉ်းထောင်တွင်း အကြမ်းဖက်တိုက်ခိုက်မှု ပြင်းထန်လွန်း၍ ရဲများက နာရီပေါင်းများစွာ အချိန်ယူလျက် ကိုင်တွယ်ဖြေရှင်းခဲ့ရကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၃ ရက်က အဓိကရုဏ်းနှိမ်နင်းရေးဝတ်စုံဝတ်ဆင်ထားသော ရဲအရာရှိများသည် သွေးစွန်းနေသည့် အကျဉ်းထောင်နံရံများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိမ္မော်ရောင်အဝတ်အစားဖြင့် အကျဉ်းသားတချို့၏ အလောင်းများကို ဆွဲထုတ်လာခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

လူမှုကွန်ရက်များပေါ်တင်ထားသည့် ထောင်ဖြစ်စဉ် ဓာတ်ပုံများကို အီကွေဒေါအာဏာပိုင်များက အတည် မပြုနိုင်သေးဘဲ ညအချိန် ထောင်ဝင်းအနီး အကျဉ်းသားအချို့က လူသေအလောင်းများ မီးရှို့နေပုံများ အွန်လိုင်း ပေါ်ပျံ့နှံ့လာခဲ့သည်။

Source: AFP, Malaysia Now