CNI International News
ခါတွမ်း၊ နိုဝင်ဘာ ၁၂
ဆူဒန်နိုင်ငံတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး အေဘယ်ဖာတာဘာဟန်က နိုဝင်ဘာ ၁၁ ရက်တွင် သူကိုယ့်သူ ယာယီအစိုးရအုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့လိုက်ကြောင်း အေပီသတင်းက ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး အေဘယ်ဖာတာဘာဟန်၏ လုပ်ရပ်သည် ဆူဒန်ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို ဒေါသထွက်စေ မည်ဟု မှန်းဆရသည်။
အောက်တိုဘာ ၂၅ ရက် အာဏာသိမ်းချိန်မှစ၍ ဒီမိုကရေစီခေါင်းဆောင်များက ဆူဒန်စစ်တပ်ကို အာဏာစွန့်ရန် တောင်းဆို ခဲ့ကြပြီး စစ်တပ်အနေဖြင့် မည်သည့်အုပ်ချုပ်ရေး အစိတ်အပိုင်းတွင်မှ ဆက်လက်မပါဝင်ရေး လိုလားနေခဲ့ကြသည်။
ဆူဒန်နိုင်ငံပိုင် ရုပ်သံလိုင်းမှ နိုဝင်ဘာ ၁၁ ရက်၌ ပြသခဲ့သော အဆိုပါ ရာထူးခန့်အပ်သည့် ထုတ်ပြန်ချက်သည် အရပ်ဘက် ခေါင်းဆောင်များထံ အာဏာပြန်လွှဲပေးမည်ဟု စစ်တပ်၏ ထပ်တလဲလဲ ကတိပြုမှုများကြားမှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးကတည်းက ယခင်အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေးခေါင်းဆောင် ၁၀၀ ကျော်ကို ဆန္ဒပြသူများ၊ တက်ကြွ လှုပ်ရှားသူများနှင့်အတူ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ၎င်းတို့အားလုံးမှာ ယခုအချိန်အထိ အချုပ်အနှောင် ခံနေ ရဆဲ ဖြစ်သည်။
ဆူဒန်ပြည်တွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အား အလွန်အကျွံ သုံးစွဲမှုကြောင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆူဒန်ဆရာဝန်များနှင့် ကုလသမဂ္ဂတို့၏ ပြောကြားချက်များအရ သိရသည်။
အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂသံတမန်များသည် ဆူဒန်အကျပ်အတည်းကို ပြေလည်အောင် ကြိုးစားခဲ့ကြသဖြင့် မြို့တော် ခါတွမ်း၌ နေအိမ်အကျယ်ချုပ် ကျခံနေရသော ဝန်ကြီးချုပ် အဗ္ဗဒူလာဟမ်းဒေါ့ကို စစ်တပ်က အကျယ်ချုပ် အတားအဆီးများ ဖယ်ရှားပေးခဲ့သည်။