CNI International News
ကိပ်တောင်း၊နိုဝင်ဘာ ၁၂
နယ်လ်ဆင်မင်ဒဲလားနှင့်အတူ နိုဘယ်ငြိမ်းချမ်းရေးဆု ပူးတွဲရခဲ့ပြီး တောင်အာဖရိက၏ လူဖြူအနည်းစု အုပ်ချုပ် ရေးနှင့် အသားအရောင်ခွဲခြားမှုအဆုံးသတ်စေခဲ့သည့် နောက်ဆုံးလူဖြူသမ္မတဖြစ်ခဲ့သူ အက်ဖ် ဒဗလျူ ဒီကလပ်ခ် (F.W de Klerk) သည် အသက် ၈၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။
ဖရေဒရစ် ဝီလီယံဒီကလပ်ခ်သည် တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့၊ ဖယ်နာရက်စ်နယ်မြေရှိ နေအိမ်၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း ၎င်း၏ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
ဒီကလပ်ခ်သည် တောင်အာဖရိကတွင် အငြင်းပွားမှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အာဏာရလာချိန်၌ တောင်အာဖရိက လူမည်းများနှင့် အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားမှုများအပေါ် အကြမ်းဖက် ဖိနှိပ်ခဲ့ခြင်း အတွက် အပြစ်တင်ခံခဲ့ရသလို တောင်အာဖရိကလူဖြူအချို့ကလည်း အသားအရောင်ခွဲခြားမှုအဆုံးသတ်ရန် ၎င်း၏ကြိုးပမ်းချက်များကို သစ္စာဖောက်မှုအဖြစ် ရှုမြင်ကြသည်။
“ဒီကလပ်ရဲ့ထားရစ်ခဲ့တဲ့ အမွေအနှစ်ဟာ အင်မတန်ကြီးမားပါတယ်။ အဲဒီအမွေအနှစ်ဟာ တဖက် စောင်းနင်း နိုင်ရင်တောင်မှ တောင်အာဖရိကနိုင်ငံသားတွေအနေနဲ့ အခုလို အခိုက်အတန့်မှာ သူလုပ်ခဲ့တာလေးတွေကို ပြန်ပြောင်းအောက်မေ့ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု မင်ဒဲလားဖောင်ဒေးရှင်းက ဒီကလပ်ကွယ်လွန်ခဲ့ခြင်းအပေါ် သဘောထားမှတ်ချက်ပေးခဲ့သည်။
အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးတက်ကြွလှုပ်ရှားခဲ့သူ နောက်ထပ်တစ်ဦးဖြစ်သည့် အငြိမ်းစား အင်္ဂလီကန် ဂိုဏ်းချုပ် ဘုန်းတော်ကြီးဒက်စ်မွန်တူးတူးကလည်း ဒီကလပ်ခ်ကွယ်လွန်ခဲ့ခြင်းအပေါ် အလားတူချင့်ချိန် သုံးသပ် ထားသည့် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
“ဒီကလပ်ဟာ တောင်အာဖရိကသမိုင်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အပြောင်းအလဲကာလ သူ့ဆောင်ရွက်ချက်တွေကို အခုလိုအခိုက်အတန့်မှာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်” ဟု ဒက်စ်မွန်တူးတူး ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။
သို့သော် တစ်ချိန်ကတော့ ဒက်စ်မွန်တူးတူး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အမှန်တရားနှင့် ပြန်လည်သင့်မြတ်ရေး ကော်မရှင်တွင် ဒီကလပ်၏ထွက်ဆိုချက်များအပါအဝင် အသားအရောင်ခွဲခြားမှုဆိုင်ရာ ဆိုးရွားစွာ ချိုးဖောက်ခဲ့မှု များအပေါ် လူဖြူသမ္မတတစ်ဦးအနေဖြင့် တာဝန်ရှိခဲ့ခြင်းအား ဒီကလပ်က ရှောင်ထွက်ရန် ကြိုးစားခဲ့ဖူးသည်။
ထိုစဉ်က ဒီကလပ်သည် အသားအရောင်းခွဲခြားမှု၏ဆိုးကျိုးများအတွက် အပြည့်အဝတောင်းပန်ခြင်း မရှိသည့် အတွက် စိတ်ပျက်မိကြောင်း တူးတူးက ထုတ်ဖော်ပြောကြားခဲ့ဖူးကြောင်း ယခုထုတ်ပြန်ချက်ထဲတွင် ဆက်လက် ဖော်ပြထားသည်။
တောင်အာဖရိက၏ လက်ရှိသမ္မတ စီရေးရမ်မာဖိုးဆာ့(Cyril Ramaphosa) က “သူဟာ ၁၉၉၀ ပြည့်လွန်နှစ် တွေမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တားမြစ်ပိတ်ပင်တာ၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ လွတ်မြောက်ရေး လှုပ်ရှားမှုတွေအတွက် စေ့စပ်ညှိနှိုင်းရေးတွေလုပ်ဖို့ ဒီကလပ်က သတ္တိရှိရှိနဲ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့နိုင်ငံရေးမဲဆန္ဒနယ်တွေမှာ တော်တော်များများ ဆန့်ကျင်ဘက်ဖြစ်ခဲ့တာရှိပါတယ်” ဟု အမှတ်တရ စကားပြောကြားခဲ့သည်။