၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄
တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်၏ မြန်မာပြည်ခရီးစဉ်သည် မကြာခင် ကျင်းပတော့မည့် တရုတ်-အာဆီယံ အစည်းအဝေးအတွက် ဖြစ်နိုင်သည်ဟု မြန်မာ့နိုင်ငံရေးအသိုင်းအ၀န်းတွင် သုံးသပ်မှုများရှိနေသည်။
တရုတ်-အာဆီယံ အစည်းအဝေးကို လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်)က မြန်မာပြည်သို့ ရောက်ရှိနေသည့် တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်သည် နစကဥက္ကဋ္ဌနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
PPST မှ ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တရုတ်-အာဆီယံ အစည်းအဝေး မကျင်းပခင် နစကဖြင့် တစ်စုံတစ်ရာ ကြိုတင်သဘောတူညီမှု ရယူနိုင်ရေး ကြိုးပမ်းမှုများ ရှိလာ နိုင်သည်ဟု ဆိုသည်။
၎င်းက “အဓိကကတော့ တရုတ်ကတော့ ဖိတ်ချင်တဲ့ သဘောရှိတယ်။ သို့သော် ဒီတိုင်း တုံးတိတိနဲ့ ဖိတ်ရမှာကလည်း ခက်တဲ့ အခါကျတော့ တရုတ်က လာတယ်ဆိုတာက ၂၂ ရက်နေ့ အတွက်နဲ့တူပါတယ် ကြည့်ရတာ။ အကြီးကြီး မထူးခြား တာတောင်မှ အခုလက်ရှိ အနေအထားတိုင်းကတော့ ဆက်သွားလို့မရဘူး။ ဒါကတော့ စစ်ကောင်စီလည်း သိတယ်။ သူက လက်ရှိ အနေထားကနေ ဘယ်လောက် ရွေ့လျားမလဲ။ နောက် အလျှော့အတင်း ဘယ်လိုလုပ်မလဲဆိုတာ နားထောင်ရမှာ ပေါ့။ အဲ့လို အလျှော့အတင်း တစ်ကွက်တစ်လေမှ မပေါ်ဘဲနဲ့လည်း ၂၂ ရက်နေ့ ထိပ်သီးကိုဖိတ်ဖို့က ခက်တယ်။ ဒါကြောင့် သူ့ဘက်ကိုယ့်ဘက် quiet diplomacy လုပ်နေတာနဲ့တူပါတယ်”ဟု CNI သို့ ပြောသည်။
လက်ရှိ မြန်မာပြည်ကို ရောက်ရှိနေသည့် တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်၏ မြန်မာပြည်ခရီးစဉ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ကာလကနေ ကြည့်ပါက ဒုတိယအကြိမ်ဖြစ်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က မိမိတို့အနေဖြင့် ဆွန်ကော်ရှန် သည် အလုပ်တာဝန် ပြီးဆုံးသွားသည့်အတွက် ၎င်းနေရာသို့ အစားထိုး ဝင်ရောက်လာသည့် ပုဂ္ဂိုလ်နှင့် လာရောက်မိတ်ဆက် ပေးခြင်းသာ ဖြစ်သည်ဟု ကြားသိရကြောင်း၊ နစကဥက္ကဋ္ဌ အနေဖြင့် တရုတ်-အာဆီယံ အစည်း အဝေးတွင် ပါဝင်ခွင့်ရရန်မှာ မလွယ်ကူလှကြောင်း ပြောသည်။
၎င်းက“အဲ့တော့ သူ့ဘက်ကလည်းပဲ အာဆီယံသဘောတူချက် ၅ ချက်ထဲက ဘယ်လို အချက်တွေကို လိုက်လျောပြီးတော့မှ အပေးအယူ လုပ်မယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သူ့ဘက်က ဆက်လက်ပြီး တင်းခံနေမယ် နဂိုအတိုင်း မပြုမပြင်ပဲ နေမယ်ဆိုလို့ရှိရင်တော့ အဲ့အစည်းအဝေးကို တက်ရနိုင်ဖွယ် မရှိဘူးလို့ မြင်ပါတယ်” ဟု CNI သို့ ပြောသည်။
ဆွန်ကော်ရှန်သည် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာပြည်သို့ ပထမအကြိမ်အဖြစ် ဩဂုတ်လ ၂၁ ရက်မှ ၂၈ ရက်နေ့ အထိ လာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ သေးသည်။
ထိုခရီးစဉ်တွင် တရုတ်ဘက်မှ လိုချင်သည့်ရလဒ် မရရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ပြောင်းလဲနိုင်ကြောင်း၊ ၂၂ ရက်နေ့ တွင် ပြုလုပ်မည့် တရုတ်-အာဆီယံအစည်း အဝေး ၌ နစကအနေဖြင့် ဖိတ်ကြားခြင်း မခံရပါက နစ်နာနိုင်ဖွယ်ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်သည်။
ပုံ- ၂၀၁၈ ခုနှစ် တရုတ်နဲ့အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေး ကျင်းပနေစဉ်။ (AP)
၎င်းက “ဘာကြောင့်လဲဆိုတော့ အာဆီထိပ်သီးမှာ စစ်ကောင်စီကို မဖိတ်ဘူးဆိုကတည်းကိုက ဘာဖြစ်ဖြစ် စစ်ကောင်စီက ရှုံးကွက်တစ်ကွက် ဖြစ်သွားတယ်။ အခုတစ်ခါ ၂၂ ရက်နေ့ အာဆီယံ တရုတ်ထိပ်သီးမှာ ထပ်မဖိတ်ဘူးဆိုရင် စစ်ကောင်စီက နောက်ထပ် နစ်နစ်မှုတွေ ထပ်များသွားနိုင်တယ်။ ဒါကြောင့် ပထမအချီထဲက နစ်နာခဲ့တာကို damage control အရှုံးဘယ်လို ပြန်ဖြေရမလဲဆိုတဲ့ ဟာလေးကတော့ ၂၂ ရက်နေ့မှာ အဖိတ်ကြားခံရရင်တော့ သူက ပြန်ပြီးတော့ အလျှော်အစား ပြန်ရသွား နိုင်တယ်။ သို့သော်လည်းပဲ အဲ့ဒီလို အလျှော်အစား ပြန်ရဖို့အတွက်ကလည်း အပြောင်းအလဲ အလျှော့အတင်း တစ်ခုခုတော့ စစ်ကောင်စီဘက်က ကြောညာပေးရမယ်။ လုပ်ပေးရမယ်ဆိုတဲ့ သဘောတော့ရှိပါတယ်။ ဒါလည်းပဲ ကျနော်ထင်တာတော့ ပွင့်ပွင့်လင်းလင်း မဟုတ်ဘဲနဲ့ ညှိနှိုင်းနေမယ့် သဘောရှိမယ်လို့ ယူဆပါတယ်” ဟု CNI သို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ အနေအထားသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နှင့် မထိတွေ့ မဆက်ဆံ၍ မရဘဲ သည့်အတွက် တရုတ်သည် မြန်မာအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ လက်ရှိ နစကအနေဖြင့် သံတမန်ရေးရာတွင် အား ကောင်းလာသည့် အနေထားဟု သုံးသပ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးသိန်းထွန်းဦးက ဆိုသည်။
၎င်းက “အထူးသဖြင့်တော့ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ သွားရမယ့်လမ်းကြောင်းက တရုတ်က စီးပွားရေး အရ မဟာဗျူဟာ မိတ်ဖက်ကိုး။ ဘယ်လိုမှ geopolitics အရရော၊ နယ်နိမိတ် ရှည်ရှည်လျားလျား ထိစပ်နေတဲ့အတွက် ကြောင့်ရော ကျနော်တို့က တရုတ်ကို ဘယ်လိုမှ ပစ်ပယ်လို့မရဘူး။ အထူးသဖြင့် စီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုတွေမှာ တရုတ်သည် မရှိမဖြစ်လိုအပ်တယ်”ဟု CNI သို့ ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းမှ လာရောက်မှုသည် ခပ်စိတ်စိတ်ရှိလာကာ နိုဝင်ဘာ ၂ ရက် နေ့က ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ်ဆန် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် လည်းဖြစ် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး ယမန်(နိုဝင်ဘာ ၁၃ ရက်)နေ့က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။