၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ ရိုးသားရန်လိုအပ်ပြီး မီးစတစ် ဖက် ရေမုတ်တစ်ဖက် မလုပ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သို့ ပြောသည်။
တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး၀န်ကြီးဌာန အာရှရေးရာဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်နေ့က ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီးနောက် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် သတိထားစောင့် ကြည့် နေကြသည်။
ဒေါက်တာအောင်မျိုးက “တရုတ်-မြန်မာဆက်ဆံရေးက ရှေ့ဆက်ပြီး ကောင်းဖို့ပဲ ရှိပါတယ်။ တစ်ခုတော့ ရှိတာပေါ့။ တရုတ် ဘက်က ကျနော် တို့ကို ရိုးသားဖို့ လိုတာပေါ့။ ရိုးသားဖို့ လိုတယ်ဆိုတာက မြန်မာပြည်ကို မီးစတစ်ဖက် ရေမုတ်တစ်ဖက် လုပ်တဲ့ ပုံစံမျိုးကိုတော့ အတိတ်မှာ ကျနော်တို့ တွေ့ခဲ့ရတယ်လေ။ ဒါဗမာပြည်ကွန်မြူနစ်ပါတီရှိကတည်းက ပါတီချင်း ဆက်ဆံရေးက တစ်ခု ဗကပ ကို ထောက်ပံ့တယ်။ တစ်ဖက်ကြတော့ အစိုးရချင်း ဆက်ဆံရေးက တစ်ခုဆိုပြီးတော့ အဲတုန်း က လမ်း စဉ်ပါတီ အစိုးရကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက အစိုးရ အစိုးရချင်း ကူညီတယ်။ ဟိုဘက်ကိုလည်း တရုတ်ကွန် မြူနစ်ပါတီက ကူညီတယ် ထောက်ပံ့တယ်။ အဲလိုမျိုး နှစ်ခွလုပ်ခဲ့တယ်” ဟု CNI သို့ ပြောသည်။
တရုတ် - မြန်မာ ဆက်ဆံရေးမှာ လိုချင်သည့် ပုံစံတူညီမှုမရှိကြောင်းနှင့် တရုတ်မှာ ၎င်း၏ စီးပွားရေး၊ စီမံကိန်းများ အောင် မြင်ရန်အတွက် တည်ငြိမ်မှုကိုသာ လိုလားကြောင်း PPST မှ ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
ပုံ- ဆွန်ကော်ရှန်ကိုတွေ့ရစဉ်။
၎င်းက “မြန်မာ - တရုတ် ဆက်ဆံရေးက တရုတ်ကလိုချင်တဲ့ပုံစံနဲ့ မြန်မာက လိုချင်တဲ့ပုံစံက မတူဘူး။ တရုတ်က လိုချင်တဲ့ ပုံစံက ငြိမ်းချမ်းရေးတို့၊ ဒီမိုကရေစီရေးတို့၊ ဖက်ဒရယ်ပြည်ထောင်စုရေးတို့က တရုတ်ရဲ့ Agenda (အစီအစဉ်)မှာ မရှိဘူး။ တရုတ်ကတော့ သူ့စီးပွားရေးတွေ၊ စီမံကိန်းတွေ အောင် မြင်ဖို့အတွက် တည်ငြိမ်မှု Stability ကိုပဲ လိုချင်တာ။ ဘယ်သူပဲ ထိန်းထိန်း၊ ဘယ်သူပဲ အာဏာယူယူ၊ ဘာပဲလုပ်လုပ် တည်တည်ငြိမ်ငြိမ်လေးနဲ့ တိုင်းပြည်က ရှိမယ်။ သူ့ရဲ့ စီးပွားရေး လုပ် ငန်းတွေလည်း ချောမွေ့မယ်ဆိုရင် ဒါက တရုတ်က အကြိုက်ဆုံး အခြေအနေပဲ။
အိမ်နီးနားချင်းကောင်း ဖော်ထုတ်ချင်တဲ့ သဘော။ စီးပွားရေး ဖွံ့ဖြိုးအောင် လုပ်မယ့်သဘော။ ဒီမိုကရေစီဖွံ့ဖြိုးတာတို့၊ ဖက်ဒရယ်စနစ်ဖွံ့ဖြိုးတာတို့ကတော့ တရုတ် ကတော့ သိပ်အားမပါပါဘူး”ဟု CNI သို့ ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကျိုးစီးပွားများ တည်ရှိနေခြင်းကြောင့် ၎င်းတို့၏ အကျိုးစီးပွားကို မထိခိုက်စေရန်အ တွက် မြန်မာနိုင်ငံအား ပြာပုံဘဝ ရောက်ရှိသွားမည်ကို မလိုလားကြောင်း ဗိုလ် မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ပုံ- ဆွန်ကော်ရှန် ၂၀၁၆ ခုနှစ် မိုင်ဂျာယန်မှာ ကျင်းပသည့် တိုင်းရင်းသားညီလာခံသို့ လာတက်ရောက်စဉ်။
ဒေါက်တာအောင်မျိုးကတော့ တရုတ်အနေဖြင့် အစိုးရကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီခြင်း မပြုဘဲ လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ပြောသည်။
၎င်းက“အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လူတွေကို မြောက်ထိုးပင့်ကော်လုပ်တာတွေ ဥပမာ AA ကို ကူညီတာပဲ ဖြစ်ဖြစ်၊ KIA ကို ကူညီတာပဲဖြစ်ဖြစ် သူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားအတွက်ဆိုတာကို အဲတာကို မလုပ်ပဲနဲ့ လက်ရှိအစိုးရနဲ့ တစိုက် မတ်မတ် ပေါင်းပြီးတော့ ဖြစ်ပေါ်လာမယ့် သူ့အတွက် ခြိမ်းခြောက်မှုတွေကို အတူတူ ဖြေရှင်းမယ်ဆိုရင် အနာဂတ်မှာ မြန်မာဟာ တရုတ်အတွက် အကောင်းဆုံး မဟာမိတ်ဖြစ်လာနိုင်တယ်ပေါ့နော်”ဟု CNI သို့ ပြောသည်။
လက်ရှိတွင် တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး နစက ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။
တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်သည် မြန်မာနိုင်ငံခရီးစဉ်အဖြစ် ပြီးခဲ့သည့် ဩဂုတ် ၂၁ ရက်မှ ၂၈ ရက်အထိ လာရောက်သွားခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန် ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့ သေးသည်။