လန်ဒန်၊ နိုဝင်ဘာ ၁၄

ရုရှားနှင့် အနောက်အုပ်စုတို့အကြား မမျှော်လင့်ဘဲ စစ်ပွဲဖြစ်ပွားနိုင်သည့် အန္တရာယ်သည် ယခင်စစ်အေးကာလထက် ယခု ပိုများလာကြောင်း ဗြိတိန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နစ်ကာတာက တိုင်းမ်ရေဒီယိုနှင့် အင်တာဗျူးတစ်ခုတွင် မှတ်ချက်ချခဲ့ သည်။

“ကျနော်တို့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ကထက်တောင် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကမ္ဘာတစ်ခုထဲ ရှိနေတယ်လို့ ထင်ပါတယ်။ ပြီးတော့ အင်အားကြီးနိုင်ငံတွေကြားမှာ ပြိုင်ဆိုင်မှု သဘောသဘာဝက ပိုပြီးတင်းမာ လာစေတယ်လို့လည်း ကျနော် ထင်ပါ တယ်” ဟု ဗြိတိန်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနစ်ကာတာ (Nick Carter) က ရေဒီယိုအင်တာ ဗျူးတစ်ခုတွင် မှတ်ချက် ချခဲ့ကြောင်း စီအင်န်အင်န်သတင်းဌာနက နိုဝင်ဘာ ၁၄ ရက် (ယနေ့)တွင် ရေးသားဖော်ပြသည်။

အဆိုပါ အင်တာဗျူးတွင် နစ်ကာတာက ၁၉၇၈ ခုနှစ် ၎င်းစစ်မှုထမ်းဘဝက ယခင်အခြေအနေများနှင့် လက်ရှိ အခြေအနေ များကို နှိုင်းယှဉ်ပြခဲ့သည်။

“အဲဒီတုန်းကတော့ ဆိုဗီယက်ပြည်ထောင်စုနဲ့ အနောက်ကမ္ဘာတို့ပေါ့ဗျာ။ ပြီးတော့ ကျနော်တို့အားလုံးက အစွန်းတဖက်စီမှာ ကိုယ်စီရှိနေခဲ့ကြတယ်။ အမေရိကန်ကလည်း လုံးဝအထင်ကြီးခံချင်နေတာ” ဟု နစ်ကာတာက တိုင်းမ်ရေဒီယို သတင်း ထောက် တွမ်နယူတန်ဒန်ကို ပြောသည်။

ပုံ-ရုရှားခေါင်းဆောင် ပူတင်နဲ့ အကြီးအကဲများတွေ့ရစဉ်။(AFP)

“အခုကျတော့ ကျနော်တို့က ဝင်ရိုးမျိုးစုံရှိတဲ့ ကာလတစ်ခု ရောက်နေပြီလို့ ကျနော်ထင်တယ်ဗျ။ မတူညီတဲ့ ရည်မှန်းချက် တွေနဲ့ အပြိုင်အဆိုင် ရှိနေကြသလို မတူညီတဲ့ အစီ အစဉ်တွေကိုလည်း အပြိုင်အဆိုင် လုပ်နေကြတယ်။ ဒီလို ဝင်ရိုးမျိုးစုံနဲ့ ကမ္ဘာကြီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်က ပိုကြီးတယ်လို့ ကျနော် ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက် သုံးသပ် ပြသည်။

နစ်ကာတာက နိုင်ငံသမားများ၏ မလိုလားအပ်သော တိုးမြှင့်လုပ်ဆောင်မှုများကို ဆက်လက်သတိပေးခဲ့သည်။

ထို့နောက် နစ်ကာတာက “ကျနော်တို့နိုင်ငံရေးရဲ့ တချို့သဘောသဘာဝတွေ တိုးမြှင့်လာတာက မှားယွင်းတဲ့ တွက်ကိန်းတွေ ဆီကို ဦးတည်စေပါတယ်။ မှားယွင်းတဲ့ တွက်ကိန်းတွေနဲ့ အဆုံးသတ် မသွားစေဖို့ လူတွေ သတိထားရမယ်ဗျ” ဟု တိုက်တွန်း ခဲ့သည်။

“စစ်အေးတိုက်ပွဲတုန်းက ခင်ဗျားတို့ ကျနော်တို့ ကြီးပြင်လာတဲ့ ရှေးရိုးဆန်တဲ့ သံခင်တမန်ခင်းယန္တရား အတော်များများက အခု မရှိကြတော့ဘူး။ ဒီယန္တရားတွေကို စွဲကိုင်မှုမရှိဘဲ နိုင်ငံရေးသမားတွေ တိုးမြှင့်လုပ်ဆောင်လာတာက ပိုအန္တရာယ် များ ပါတယ်။ ဒီအခင်းအကျင်းတွေဟာ ကျနော်တို့ ရင်ဆိုင်ရမယ့် တကယ့်စိန်ခေါ်မှုလို့ပဲ ကျနော် ယူဆပါတယ်” ဟု ဗိုလ်ချုပ်ကြီး နစ်ကာတာက ထောက်ပြခဲ့သည်။

ဥရောပသမဂ္ဂ (EU) နိုင်ငံများနှင့် ဘီလာရုစ်နယ်စပ်မှာ ရွှေ့ပြောင်း အခြေချမှု အကျပ်အတည်းမှာ ရုရှား ပါဝင် ပတ်သက်နေ သည်ဟု ယုံကြည်ပါသလားဟု သတင်းထောက်က ဆက်လက်မေးမြန်းရာ ဗိုလ်ချုပ်ကြီးက “ဖြစ်စဉ်အသေးစိတ်ကို မိမိ မသိ သော်လည်း အထူးအထွေ အံ့ဩစရာတော့ မရှိကြောင်း” တုံ့ပြန်ဖြေကြားခဲ့သည်။

Source: CNN