၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဆက်ဆံရေးရုံးကို နိုဝင်ဘာ ၂ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ရဲဘော် ၄ ဦးကို ခေါ်ဆောင်သွားသည်ဟု သိရသည်။

ABSDF မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဆန်နီက ဆက်ဆံရေးရုံးမှ ရဲဘော်များကို ဖမ်းဆီးသွားခြင်းလား၊ ခေတ္တ ခေါ်ဆောင်သွားခြင်းလားဆိုသည်ကို မသိရှိရသေးသည့်အတွက် သတင်းမထုတ်ပြန်သေးကြောင်း CNI သတင်း ဌာနသို့ ပြောသည်။

“ဟုတ်ကဲ့ ကျ‌နော်တို့ သတင်းတော့ မထုတ်ပြန်သေးပါဘူး။ အခြေအနေကို သိရ‌အောင် ကျနော်တို့ ဖမ်းတာလား၊ ခဏခေါ်သွားတာလား၊ ဘာလုပ်ဖို့ဆိုတာ အတိအကျမသိသေးတော့ သတင်းတော့ မထုတ်ပြန်သေးပါဘူးဗျ။ အဲဒါလေးပါ။ အကယ်၍ အတိအကျသိရရင် ကျနော်တို့လည်း လုပ်သင့်လုပ်ထိုက်၊ မေးသင့်မေးထိုက်၊ ဆက်သွယ်သင့်၊ ဆက်သွယ်ထိုက်တာ လုပ်နေပါတယ်လို့ သတင်းတော့ မထုတ်ပြန်သေးပါဘူး” ဟု ဆိုသည်။

မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို လုံခြုံရေး တပ်ဖွဲ့များက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ဖုန်းဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်က ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့် ထုတ်ပြန်ချက်တွင် စစ်တပ်သည် လက်နက်ဖြင့် အကြမ်းဖက်၍ နိုင်ငံ၏ အချုပ်အခြာအာဏာကို မတရားလုယက်သိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ် အမြစ်တွယ်ခိုင်မာရေး ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားသည်။

 

ထို့အတူ နိုင်ငံရေးခေါင်းဆောင်များအပါအဝင် တစ်နိုင်ငံလုံးရှိ တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကျောင်းသားလူငယ်များနှင့်အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များ သပိတ်စုံ အုံကြွမှု ပေါ်ပေါက် ခဲ့သလို စစ်တပ်အနေဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒါ့အပြင် ABSDF မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စသည့် နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

ABSDF သည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် ပြည်နယ်/ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral) အဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။