ကဘူးလ်၊ နိုဝင်ဘာ ၃
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်ရှိ စစ်ဆေးရုံတစ်ရုံအတွင်းသို့ နိုဝင်ဘာ ၂ ရက်က သေနတ်နှင့်ရော ဗုံးနှင့်ပါ တိုက်ခိုက်ခံရသဖြင့် လူ ၂၀ ကျော်သေဆုံးပြီး ၁၆ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်၌ သတင်းဖော်ပြထားသည်။
ကုတင် ၄၀၀ ခန့် ဆာဒါဒက်ခမ်းအမည်ရှိ စစ်ဆေးရုံအဆောက်အဦအပြင်ဘက်မှ စတင်ပေါက်ကွဲမှုဖြစ်ပြီးနောက် ဆေးရုံအတွင်းသို့ပါ သေနတ်သမားများဝင်ရောက်၍ ပစ်မှတ်ထားတိုက်ခိုက်ခံရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အစ္စလာမ္မစ်နိုင်ငံတော် (IS-K) နှင့်ဆက်နွယ်နေသည့်အဖွဲ့တစ်ဖွဲ့က ယခုတိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက် ဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ဖော်ဝန်ခံခဲ့သည်။
ကဘူးလ်မြို့မှလာသော သတင်းဓာတ်ပုံများနှင့်ဗီဒီယိုဖိုင်များတွင် မီးခိုးငွေ့များပျံ့နှံနေပြီး သေနတ်သံများကိုပါ မှတ်တမ်းတင်ထားကြောင်း ကြားသိရသည်ဟု ဘီဘီစီက သတင်းဆက်လက်ဖော်ပြသည်။
တိုက်ခိုက်မှုဖြစ်ပွားနေစဉ်အတွင်း လုံခြုံသည့်အခန်းတစ်ခန်းထဲသို့ ပြောင်းရွှေ့ခိုလှုံခဲ့ရကြောင်း အဆိုပါ ဆေးရုံမှ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဆာယက်အာဟက် က အေအက်ဖ်ပီသတင်းဌာနသို့ ပြောသည်။
ဗုံးပေါက်ကွဲမှုများထဲမှတစ်ခုသည် အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ကြောင်း ဆာယက်အာဟက်က EVN ရုပ်သံသတင်း ဌာနသို့ ဆက်ပြောသည်။
“အာဖဂန်နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီစစ်ပွဲတွေ၊ အသေခံဗုံးခွဲမှုတွေ၊ ဖောက်ခွဲမှုတွေနဲ့ ကျနော် တကယ့်ကို ငြီးငွေ့နေပြီဗျာ။ ဒီဒုက္ခတွေကို ကျနော်တို့ ဘယ်လောက်အထိ ကြာကြာခံနိုင်ရည်ရှိမှာလဲ” ဟု ၎င်းက ရင်ဖွင့် သွားခဲ့သည်။
IS-K မှ တိုက်ခိုက်ရေးသမားများသည် ဆေးရုံဝင်ပေါက်တံခါးတွင် ပထမဆုံးဖောက်ခွဲမှုလုပ်ဆောင်ခဲ့ပြီးနောက် ဆေးရုံဝင်းအတွင်းသို့ ဆက်လက်ဝင်ရောက်လာခဲ့ကြောင်း တာလီဘန်ပြောခွင့်ရသူ ဘီလယ်ကာရီမီ က ဘီဘီစီသို့ ပြောသည်။
တာလီဘန်တို့က IS-K နှင့်ဆက်စပ်သည့် တိုက်ခိုက်ရေးသမား ၄ ဦးကို ပစ်သတ်နိုင်ခဲ့ပြီး ၁ ဦးကို အရှင်ဖမ်းမိ ခဲ့ကြောင်း ဘီလယ်ကာရီမီက ဆက်ပြောသည်။
တာလီဘန်နောက်ထပ်ပြောခွင့်ရသူ ဇာဘီဟယ်လာမူဂျာဟစ်က “တာလီဘန်အထူးတပ်ဖွဲ့တွေ ရဟတ်ယာဉ်နဲ့ ဆေးရုံထဲဆင်းပြီးတော့ ဝင်ပေါက် (ဒါမှမဟုတ်) ဆေးရုံအဆောက်အဦအတွင်းကို အခုလာတိုက်တဲ့သူတွေ မဝင်နိုင်အောင် တားဆီးပေးခဲ့ပါတယ်” ဟု ရိုက်တာသတင်းဌာနသို့ ရှင်းပြသည်။ တိုက်ခိုက်သူအားလုံး ၁၅ မိနစ်အတွင်း သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အခင်းဖြစ်ပွားစဉ်အတွင်း ရဟတ်ယာဉ်နှစ်စင်းကို ဆေးရုံပရဝုဏ်ထဲ ဆင်းသွားတာ တွေ့လိုက်ရကြောင်း မျက်မြင်သက်သေများကို ကိုးကားလျက် ရိုက်တာက ရေးသားဖော်ပြထား သည်။ ယခုနှိမ်နင်းရေးလုပ်ငန်းအတွက် တာလီဘန်တို့သည် အနောက်အုပ်စုကျောထောက်နောက်ခံအစိုးရထံမှ သိမ်းယူထားသော ရဟတ်ယာဉ်များကို ပထမဆုံးအသုံးချခြင်းဖြစ် ကြောင်း သတင်းဌာနများက ဆိုကြသည်။
‘အစ္စလာမ္မစ်နိုင်ငံတော်ခိုရာဆန်’ (Islamic State Khorasan) ဟုဆိုသည့် IS-K အဖွဲ့က အရပ်သားများနှင့် တာလီဘန်တို့ကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုအများအပြားအတွက် မိမိတို့တာဝန်ရှိကြောင်း အခိုင်အမာ ပြောကြားထားပြီးဖြစ်သည်။