ဒမတ်စကတ်၊ နိုဝင်ဘာ ၃
ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ပြင်ရှိ ဒေသတချို့ကို ပစ်မှတ်ထား၍ အစ္စရေးက ဒုံးကျည် အများအပြားသုံး၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားအစိုးရပိုင် ရုပ်သံလိုင်းတွင် နိုဝင်ဘာ ၂ ရက်အစောပိုင်း၌ ထုတ်လွှင့်ခဲ့ကြောင်း အယ်လ်ဂျာဇီး ယား သတင်းဌာနက ရေးသားဖော်ပြသည်။
ယင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအချို့ရှိကြောင်း ၎င်းရုပ်သံလိုင်းက ဆိုသည်။ ထိုဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးတို့ ဘက်မှ သဘောထား မှတ်ချက် မရရှိသေးကြောင်း အယ်လ်ဂျာဇီးယားက ဆက်လက်ရေးသားထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်ကလည်း အစ္စရေးတို့က ဆီးရီးယား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကြားဖြတ် ဟန့်တားခဲ့ပြီး ဒမတ်စကတ်မြို့ ဆင်ခြေဖုံးဒေသများဆီသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့သေးသည်။
ထို့ပြင် အောက်တိုဘာ ၁၄ ရက်က ဆီးရီးယားနိုင်ငံ အလယ်ပိုင်းရှိ အီရန်ပစ်မှတ် နေရာများကို အစ္စရေးက လေကြောင်းမှ စီးနင်း တိုက်ခိုက်ခဲ့ရာ ဆီးရီးယားအစိုးရနှင့် မဟာမိတ်ပြုလုပ်ထားသည့် တိုက်ခိုက်ရေးသမား ၉ ဦး သေဆုံးသွားခဲ့သည်။
ပုံ- ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့ကိုမြင်တွေ့ရစဉ်။ (Firstpost)
အဆိုပါ တိုက်ခိုက်မှုများသည် ဆီးရီးယားတောင်ပိုင်းတွင် အစ္စရေးတို့ တိုက်ခိုက်မှုများရှိနေကြောင်း ဆီးရီးယားတို့က စွပ်စွဲပြီး ရက်ပိုင်းအကြာတွင် ထပ်မံတိုက်ခိုက်လာခြင်း ဖြစ်သည်။
ဆီးရီးယားနိုင်ငံအတွင်း အီရန်၏ ဩဇာကြီးမားလာခြင်းနှင့် စစ်ရေးအရ တည်ရှိနေခြင်းတို့ကြောင့် စိုးရိမ်လာသော အစ္စရေး သည် တစ်နှစ်အတွင်း ရာနှင့်ချီသော တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း ယင်းတိုက်ခိုက်မှုများအပေါ် ထုတ်ဖော်ဝန်ခံ ခြင်း (သို့မဟုတ်) ဆွေးနွေးခြင်း အလျဉ်းမရှိပေ။
အစ္စရေးသည် ဆီးရီးယားပိုင်နက်ထဲသို့ များသောအားဖြင့် ညအချိန် ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။
အင်အားကြီးမားသော လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ကဲ့သို့ အီရန်မဟာမိတ် ပြည်သူ့စစ်များနှင့် ဆက်နွှယ်နေသော အခြေစိုက်စခန်းများ၊ လက်နက်ယာဉ်တန်းများနှင့် အဆောက်အအုံများကို အဓိကပစ်မှတ်ထားကြောင်း အစ္စရေးတို့က ဆိုသည်။
အဆိုပါ အဖွဲ့များနှင့် ချိတ်ဆက်မှုရှိသည်ဟု အစ္စရေးက ယူဆရသော လက်နက်တင်ပို့မှုများကိုလည်း ပစ်မှတ်ထား၍ တိုက်ခိုက်တတ်သည်။
ဆီးရီးယားပြည်တွင်းစစ်၌ ဟစ်ဇ်ဘိုလာအဖွဲ့သည် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်အာဆတ်၏ တပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။