၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃

တရုတ်နိုင်ငံဘက်မှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား နေရပ်ပြန်ပို့ခြင်းကို အောက်တိုဘာ ၃၀ ရက်နေ့မှ စတင်၍ ရပ်နားထားခြင်းကြောင့် နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမားများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း သိရသည်။

နေရပ်ပြန်ရန် ရဲစခန်းတွင် စာရင်းပေးသွင်းရမည့်အတွက် အလုပ်များမှထွက်ကာ နေရပ်ပြန်ရန် စာရင်းပေးထား ကြသော် လည်း နေရပ်ပြန်ခွင့် မရသေးသည့်အတွက် စားဝတ် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း နေရပ်ပြန်ရန် စောင့်ဆိုင်းနေသည့် တရုတ်နိုင်ငံ၊ ရင်ကျန်းပြည်နယ်တွင် နေထိုင်သူ မမြတ်မြတ်မိုးက ပြောသည်။

မမြတ်မြတ်မိုးက “အခုက အလုပ်ကနေလည်း ထွက်ပြီးပြီ။ သူတို့နေထိုင်ခွင့် စာအုပ် အစိမ်းကလည်း သိမ်းထားပြီးပြီ။ နိုင်ငံ ကူး လက်မှတ်နဲ့ မှတ်ပုံတင်နဲ့ ပြန်ပို့ပေးမယ်ဆိုပြီးတော့မှ။ ဘယ်လို အခက်အခဲရှိလဲဆိုတော ထိုင်ပြီးပဲ ဒီတိုင်းစားနေရတာ။ အစ်မဆို အခုဆို ပိုက်ဆံတောင် မလောက်တော့ဘူး။ ဒါပေမယ့် မလောက်လည်း ဘာမှမဖြစ်ဘူး။ ဗမာပြည်ဘက် ပြန် ရောက်ရရင် တော်ပြီ။ အိမ်ရှင် သူဌေးကတော့ ဟိုနေ့က လာပြောတယ်။ နင်စာအုပ်လည်း မရှိတော့ပဲနဲ့ နေထိုင်ခွင့် စာအုပ် မရှိတော့ပဲနဲ့တဲ့ ရဲကလာပြီးတော့ ပြဿနာလုပ်ရင်တဲ့ ငါဒုက္ခရောက်မှာတဲ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းက ရွှေလီ၊ ကျယ်ဂေါင်၊ မန်စီ စသည့်မြို့များတွင် နေရပ်ပြန်ရန် စောင့် ဆိုင်းနေသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၄၀၀၀၀ (လေးသောင်း)ကျော်ရှိကြောင်း သိရသည်။

နေရပ်ပြန်ခွင့် မရခြင်းမှာ မြန်မာနိုင်ငံဘက်မှ ပိတ်ထားသောကြောင့်ဖြစ်သည်ဟု တရုတ်နိုင်ငံသားများက ပြောဆိုကြောင်း လည်း သိရသည်။

ပုံ-မြန်မာပြည် ပြန်နိုင်ရေးစောင့်ဆိုင်းနေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်။

သို့သော် မြန်မာနိုင်ငံဘက်တွင် ပိတ်ထားခြင်းမရှိဘဲ မြန်မာနိုင်ငံသားများအား လက်ခံပေးနေကြောင်း လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်ဥက္ကဋ္ဌ ဦးဌေးက ဆိုသည်။

ဦးဌေးက “မန်စီဆိုလို့ရှိရင် ပြန်လာရင် တရားဝင် နန်းတော်ပေါက်ကနေ သူတို့က မပို့ပေးဘူး။ တခြားနည်းလမ်းကနေ ပို့တဲ့ အတွက် ခရီးဆောင်အိတ် နှစ်အိတ်ပဲ ယူလို့ရတယ်။ အဲ့ကျတော့ သူတို့နှစ်ရှည်လများ တချို့ဆိုရင်လည်း အဲ့ဘက်မှာ စီးပွားရေး ရှာပြီးတော့ စုဆောင်းထားတဲ့ ကိုယ်ပိုင်ပစ္စည်းတွေပေါ့၊ ဆိုင်ကယ်တို့ အသုံးအဆောင် ရေခဲသေတ္တာ၊ ကိုယ်ပိုင်သုံး ပစ္စည်းလေးတွေပေါ့၊ အဲ့ဒါလေးတွေဆိုရင် ရတဲ့ဈေးနဲ့ ရောင်းခဲ့ရတယ်။ ဒါမှမဟုတ် သူများကိုပေးခဲ့ရတယ်။ မယူနိုင်တာတွေ တော့ ရှိတာပေါ့။ အဲ့ကျတော့ ရွှေ့ပြောင်းလုပ်သားတွေကတော့ အဓိကကတော့ တရားဝင် နန်းတော်ပေါက်ကနေ ဂုဏ် သိက္ခာရှိရှိ ကိုယ့်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ယူပြီးတော့ ပြန်ချင်တာပေါ့”ဟု CNI သတင်းဌာနသို့ ရှင်းပြသည်။

တရုတ်နိုင်ငံဘက်ခြမ်းတွင် နေရပ်ပြန်နိုင်ရေး စောင့်ဆိုင်းနေကြသည့် ရွှေလီ-ကျယ်ဂေါင်၊ ဝမ်တိန်မှ မြန်မာနိုင်ငံသားများ သည် မိမိနေရပ်(မြန်မာနိုင်ငံ)ပြန်ပါက မိမိပိုင်ဆိုင်မှုများ အားလုံးကို ယူဆောင်ပိုင်ခွင့်ရှိသော်လည်း မန်စီမြို့နယ်တွင် ရှိသည့် မြန်မာနိုင်ငံသားများကမူ မိမိပိုင် ပစ္စည်းများကို ယူဆောင်ခွင့်မရသလို တရားဝင် ဂိတ်ပေါက်ကနေလည်း ပြန်ခွင့်မရဘဲဖြစ် နေကြောင်း သိရသည်။

ထို့ကြောင့် မိမိပိုင် ပစ္စည်းများကို ယူဆောင်ခွင့် ရလိုကြောင်းနှင့် တရားဝင် ဂိတ်ပေါက်ကနေလည်း ပြန်ခွင့်ရလိုကြောင်း သိရသည်။

မန်စီရှိ မြန်မာနိုင်ငံသားများအား နေရပ်ပြန်ရန် မန်စီမြို့မှ ဝမ်တိန်မြို့ရှိ တရားမဝင်အပေါက်သို့ ချပေးကာ ကားခ ယွမ် ၁၅၀ (မြန်မာငွေ ၅၀၀၀၀ ကျပ်)ပေးရကြောင်း၊ ထို့နောက် ဝမ်တိန်မှတဆင့် မြန်မာနိုင်ငံဘက်သို့ လမ်းခရီးစရိတ်များ ထပ်မံ ကျခံရ သေးကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများအား နေရပ်ပြန်ပို့ခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့က နောက်ဆုံး ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး နေရပ်ပြန်သူ ဦးရေ စုစုပေါင်း ၁၄၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ယခု တရုတ်ဘက်မှ နေရပ်ပြန်ပို့ခြင်း အား အပြီးရပ်နားခြင်း မဟုတ်ဘဲ အကြောင်းကိစ္စ တစ်ခုကြောင့် ခေတ္တ ရပ်နားခြင်းသာ ဖြစ်နိုင်ကြောင်း လူ သားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်ဥက္ကဋ္ဌ ဦးဌေးက CNI သတင်းဌာနသို့ ပြောသည်။