- By CNI
- Category: နိုင်ငံရေး
- Hits: 1199
CNI Internataional News
နီယာမေ၊ သြဂုတ် ၄
နိုက်ဂျာတွင် အာဏာသိမ်းမှုကို ထောက်ခံသူများသည် သြဂုတ် ၃ ရက်က နီယာမေမြို့တော်တွင် စုရုံးခဲ့ကြပြီး အာဏာသိမ်းမှုကို ဝေဖန်ခဲ့သည့် ပြင်သစ်နှင့် အခြားနိုင်ငံများကို ဝေဖန်ရှုတ်ချခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နိုက်ဂျာ၏ လွတ်လပ်ရေးနေ့တွင် စစ်အာဏာသိမ်းအုပ်စုနှင့် မြို့ပြ လူမှုရေးအဖွဲ့များက စီစဉ်ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြစုရုံးမှုတွင် ပါဝင်သူ များပြားခဲ့သည်။
နီယာမေမြို့တော်တွင် ဆန္ဒပြသူများသည် မကြာသေးမီ နှစ်များအတွင်းက အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည့် အိမ်နီးချင်း နိုင်ငံများထံမှ ထောက်ခံမှုများကို တောင်းဆိုသည့် ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြသူအချို့သည် ရုရှားအလံများကို ဝှေ့ယမ်းခဲ့ပြီး အမျိုးသားတစ်ဦးကတော့ နိုက်ဂျာနှင့် ရုရှားအလံကို ပေါင်းစပ်ထားသည့် အလံကို ဝှေ့ယမ်းခဲ့သည်။

နိုက်ဂျာ အာဏာသိမ်းမှုနဲ့ ရုရှားကို ထောက်ခံကြောင်း ပြသနေကြစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုတွင် ပြင်သစ်ထံမှ လွတ်လပ်ရေး ရပြီးနောက် နိုက်ဂျာ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamad Bazoum) သည် ရာထူးမှ ဖြုတ်ချခံခဲ့ရသည်။
ထို့နောက် နိုင်ငံအတွင်း ပြင်သစ်ဆန့်ကျင်မှုများ မြင့်တက်ခဲ့သဖြင့် အာဖရိက၏ ဆာဟယ်ဒေသတွင် အစွန်းရောက် များကို နှိမ်နင်းနေသည့် အနာဂတ် စစ်ဆင်ရေးများအပေါ် မေးခွန်းများ ထွက်ပေါ်ခဲ့သည်။
ဆာဟယ်ဒေသသည် အနောက်နိုင်ငံများနှင့် ရုရှားအကြား သြဇာလွှမ်းမိုးရေးအတွက် အားပြိုင်နေသည့် ဒေသ တစ်ခု ဖြစ်သည်။
နိုက်ဂျာအာဏာသိမ်းမှုကို အနောက်နိုင်ငံများနှင့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအဖွဲ့အစည်း (ECOWAS) တို့က ရှုတ်ချခဲ့သည်။
ECOWAS ကမူ ဘာဇုမ်းကို အာဏာပြန်မအပ်ပါက အာဏာသိမ်းအုပ်စုကို အင်အားသုံးပြီး ဖယ်ရှားသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
နီယာမေမြို့တော်တွင် တင်းမာမှုများ မြင့်တက်နေသဖြင့် ဥရောပ နိုင်ငံသား အများအပြားသည် နိုက်ဂျာရှိ ၎င်းတို့ နိုင်ငံသားများကို ရွှေ့ပြောင်းပေးခဲ့ကြသည်။

နိုက်ဂျာ အာဏာသိမ်းမှုကို ထောက်ခံသူများကို တွေ့ရစဉ်
သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပါဝင်သူ အများစုက အာဏာသိမ်းမှုကို ထောက်ခံကြောင်းနှင့် ပြည်ပ၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။
ကျန်သည့် ပြည်သူအများစုကမူ အာဏာသိမ်းမှုကို ထောက်ခံခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးဘဲ သြဂုတ် ၃ ရက်တွင် နီယာမေမြို့တော်၏ နေရာဒေသအများစု၌ ပြည်သူများသည် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေ ကြ သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟမ်မာနီ တီယာနီ (Abdourahmane Tiani) ကမူ အာဏာ သိမ်းမှုများ ရှုတ်ချသူများကို ပြစ်တင်ဝေဖန်ခဲ့ပြီး ပြည်သူများအနေဖြင့် နိုင်ငံကို ကာကွယ်ရေးအတွက် အသင့် ပြင်ထားရန် သြဂုတ် ၂ ရက်က နိုင်ငံတော်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ECOWAS ကမူ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဘာဇုမ်းကို သြဂုတ် ၆ ရက် နောက်ဆုံးထားပြီး အာဏာပြန်အပ်ရန် နိုက်ဂျာစစ်ခေါင်းဆောင်များကို သတိပေးခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1389
CNI International News
ဘန်ကောက်၊ သြဂုတ် ၄
Move Forward (MFP)ပါတီ မပါဘဲ အစိုးရဖွဲ့ရန် အသင့်ဖြစ်နေကြောင်း သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဖြူးထိုင်းပါတီသည် ၎င်းတို့ ဖွဲ့စည်းမည့် အစိုးရအတွင်း အဓိက ဝန်ကြီးနေရာ ၅ နေရာအတွက် ကိုယ်စားလှယ် လောင်းများကို ကြေညာခဲ့သည်ဟု The Nation သတင်းဌာနမှ ဖော်ပြခဲ့သည်။
အစိုးရဖွဲ့ရေး အစီအစဉ်အရ ဖြူးထိုင်းသည် အိမ်ခြံမြေ လုပ်ငန်းရှင်ဟောင်း ဆရတ်သာ သာဗင်ဆင် (Srettha Thavisin) ကို ထိုင်းနိုင်ငံ၏ အယောက် ၃၀ မြောက် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းမည်ဖြစ်သည်။

ထိုင်း၀န်ကြီးချုပ်အဖြစ် ယာထားသူ ဆရတ်သာ သာဗင်ဆင်ကိုတွေ့ရစဉ်
ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikeaw) ကို ပြည်ထဲရေးဝန်ကြီး၊ ပါတီ၏ နောက်ထပ် ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းဖြစ်သည့် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။
ထို့ပြင် စွမ်းအင်ဝန်ကြီးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး နေရာများအတွက် ဖြူးထိုင်းပါတီ၏ အတွင်းရေးမှူးချုပ် ပရာဆတ် ဂျန်တာရာရွန်တောင် (Prasert Jantararuangtong) နှင့် ပါတီလက်ထောက် ခေါင်းဆောင် ဂျူလာပန် အမွန်ဗီဗက် (Julapun Amornvivat) တို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီးအဖြစ် ယာထားသူ ပေတုန်တန်ကိုတွေ့ရစဉ်
ဘဏ္ဍာရေးဝန်ကြီးနေရာအတွက် ပါတီပြင်ပမှ ကိုယ်စားလှယ်လောင်း တစ်ဦးကို အမည်စာရင်း တင်သွင်းမည်ဟု ဖြူးထိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ကျန်ရှိနေသည့်် ဝန်ကြီးနေရာများအတွက် ဖြူးထိုင်းသည် ညွန့်ပေါင်းအဖွဲ့ထဲမှ အခြားပါတီများနှင့် ဆွေးနွေးသွား မည် ဖြစ်သည်။
ညွန့်ပေါင်းအဖွဲ့တွင် ပါဝင်သည့် အခြားပါတီများသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမတ်နေရာ အရေ အတွက်အလိုက် ဝန်ကြီးနေရာများနှင့် လက်ထောက်ဝန်ကြီး နေရာများကို ဝေပုံကျ ရရှိလိမ့်မည်ဟု ထို သတင်းရင်းမြစ်က ပြောသည်။
- By CNI
- Category: နိုင်ငံရေး
- Hits: 1320
CNI International News
ဝါဆော၊ သြဂုတ် ၄
ရုရှား၏ ပုဂ္ဂလိက ကြေးစားစစ်သား ဝဂ်နာအုပ်စုမှ တိုက်ခိုက်ရေးသမားများသည် ပိုလန်၏ တည်ငြိမ်မှုကို ပျက်ယွင်းစေရန် နေတိုး၏ အရှေ့ပိုင်းစစ်မျက်နှာအနီးသို့ ရွှေ့ပြောင်းလာခဲ့သည်ဟု ပိုလန်ဝန်ကြီးချုပ် မာသက်ရှ် မိုရာယက်စကီး (Mateusz Morawiecki) က ပြောကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဝဂ်နာ ကြေးစားစစ်သားများသည့် ဘယ်လာရုစ် စစ်တပ်နှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သဖြင့် ပိုလန်သည် ၎င်း၏ နယ်စပ်တွင် စစ်သား ၁၀၀၀ ကျော်ကို ရွှေ့ပြောင်း ပို့ဆောင်ခဲ့သည်။
သြဂုတ် ၁ ရက်ကလည်း ဘယ်လာရုစ်သည် စစ်ရဟတ်ယာဉ်များဖြင့် ပိုလန်၏ လေပိုင်နက်ကို ချိုးဖောက် ဝင်ရောက်ခဲ့သည်ဟု ပိုလန်က စွပ်စွဲခဲ့သည်။

ဝဂ်နာအုပ်စုမှ တိုက်ခိုက်ရေးသမားများကိုတွေ့ရစဉ်
"ကျနော်တို့အနေနဲ့ အခုလို ရန်စမှုတွေ မြင့်တက်လာတာကို သတိထားဖို့ လိုပါတယ်"ဟု မိုရာယက်စကီးက လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ် နျူစီဒါ (Gitanas Nauseda)နှင့် ပိုလန်အရှေ့ပိုင်းတွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။
"ဝဂ်နာ အုပ်စုဟာ အရမ်း အန္တရာယ်ကြီးပြီး သူတို့ဟာ တည်ငြိမ်မှုကို ဖျက်ဆီးဖို့ အရှေ့ပိုင်း စစ်မျက်နှာကို ရွှေ့ပြောင်းလာခဲ့ပါတယ်"ဟု ၎င်းက ပြောသည်။
မိုရာယက်စကီးနှင့် နျူစီဒါတို့သည့် ဘယ်လာရုစ်နှင့် ရုရှား၏ ကလင်နင်ဂရက်ဒေသကြားရှိ ပိုလန်နယ်နိမိတ်၏ မဟာဗျူဟာမြောက် ဒေသတစ်ခုဖြစ်သည့် Suwalki Gap နယ်စပ်စင်္ကြန်တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ် နျူစီဒါကို တွေ့ရစဉ်
ဘယ်လာရုစ်တွင် ဝဂ်နာကြေးစစ်သား အရေအတွက် ၄၀၀၀ ကျော် ရှိနိုင်သည်ဟု လစ်သူယေးနီးယးသမ္မတ နျူစီဒါက ပြောသည်။
"ကျနော်တို့အနေနဲ့ ဒီကိစ္စကို နိုင်ငံတော်အဆင့် စီမံချက်တွေနဲ့သာမကဘဲ အခြေအနေတွေ ပိုမိုရှုပ်ထွေးလာချိန်မှာ လုပ်သင့်တာတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘယ်လာရုစ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ကို ပိတ်သင့်ရင်လည်း ပိတ်ရမှာပါ" ဟု နျူစီဒါက ပြောသည်။
ဘယ်လာရုစ်သည် ယူကရိန်းစစ်ပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အား ဘယ်လာရုစ်၏ နယ်နိမိတ်ကို အသုံးပြုခွင့် ပေးခဲ့သည်။
သို့သော် ယူကရိန်းစစ်ပွဲအတွင်း ၎င်း၏တပ်ဖွဲ့များ ပါဝင်မည် မဟုတ်ကြောင်း ဘယ်လာရုစ်က ကတိပေးခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 775
CNI International News
ဘိုဂိုတာ၊ သြဂုတ် ၃
ကိုလံဘီယာသမ္မတ၏ သားဖြစ်သူ နီကိုလက်စ် ပက်ထရို (Nicolas Petro) သည် ငွေကြေးခဝါချမှု၊ တရားဝင် ဝင်ငွေမပြနိုင်ဘဲ ကြွယ်ဝချမ်းသာအောင် လုပ်ဆောင်မှုတို့ဖြင့် သြဂုတ် ၁ ရက်က ကြားနာစစ်ဆေးမှုတွင် တရားစွဲ ဆိုခံခဲ့ရသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပက်ထရို (၃၆ နှစ်) သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများထံမှ ဒေါ်လာထောင်ချီ ရယူခဲ့ပြီး ထိုငွေကြေးများကို တန်ဖိုးကြီး ဇိမ်ခံအိမ်များနှင့် ဈေးကြီးသည့် ကားများကို ဝယ်ယူရန် အသုံးပြုခဲ့သည်ဟု အစိုးရရှေ့နေများက တရား ခွင်တွင် ပြောကြားခဲ့သည်။
ပက်ထရိုကမူ စွဲချက်များ အားလုံးအတွက် အပြစ်မရှိကြောင်း လျှောက်လဲချက်ပေးခဲ့သည်။ မည်သို့ပင်ဆိုစေ ၎င်း၏ အမှုသည် ဖခင်ဖြစ်သူ သမ္မတ ဂူစတာဗို ပက်ထရို(Gustavo Petro)၏ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးမှုများအတွက် ရန်ပုံငွေသုံးစွဲမှု အခြေအနေအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။
သို့သော် ကြားနာစစ်ဆေးမှု အပြီးသတ်ချိန်တွင် ပက်ထရိုသည် ၎င်း၏ ရပ်တည်ချက်ကို ပြောင်းလဲပုံပေါ်သည့် အနေဖြင့် သမ္မတ ပက်ထရို၏ မဲဆွယ်စည်းရုံးမှုကို စုံစမ်းစစ်ဆေးရန် ကြိုးပမ်းနေသည့် အစိုးရရှေ့နေများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
"ကျနော့် မိသားစုနဲ့ မကြာခင် မွေးလာတော့မယ့် ကျနော့်ကလေးအတွက် ကျနော်ဒါကို လုပ်ဆောင်သွားမှာပါ '' ပက်ထရိုက ပြောကြားခဲ့ပြီး သူ့အနေနှင့် ငွေကြေး ခဝါချမှုအတွက် ပြစ်မှုထင်ရှား စီရင်ခံရမည်ဆိုပါက ထောင်ဒဏ် အနှစ် ၃၀ အထိ ချမှတ်ခံရနိုင်သည်။

ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုကို တွေ့ရစဉ်
မတ်လအတွင်းက ပက်ထရို၏ ဇနီးဟောင်း ဒေဆူရီစ် ဗက်စ်ကွက် (Daysuris Vasquez)က ဒေသခံ Semana မဂ္ဂဇင်းတွင် ပက်ထရို၏အကြောင်းကို ထုတ်ဖော် ပြောဆိုခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ စတင်လာခဲ့ခြင်း ဖြစ် သည်။
သမ္မတ ပက်ထရိုသည် လူထုထောက်ခံမှုနှုန်း ကျဆင်းလာပြီး အတိုက်အခံများ၏ ဝေဖန်တိုက်ခိုက်မှုများကို ခံနေ ရချိန်တွင် သားဖြစ်သူ ပက်ထရို၏ အမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
Semana မဂ္ဂဇင်းတွင် ဗက်စ်ကွက်က သူသည် အမေရိကန်၌ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုဖြင့် စီရင်ချက်ချခံခဲ့ရဖူး သည့် နိုင်ငံရေးသမားတစ်ဦးထံမှ ပီဆို သန်း ၆၀၀ (ဒေါ်လာ ၁၅၀၀၀၀) လှူဒါန်းမှုအတွက် နီကိုလက်စ် ပက်ထရို စီစဉ်ခဲ့သည့် အစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံရေးသမားသည် ဂူစတာဗို ပက်ထရို၏ ၂၀၂၂ သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွက် လှူဒါန်း လိုသည့် ဆန္ဒရှိခဲ့ကြောင်း ဗက်စ်ကွက်က ပြောသည်။
ထို့ပြင် ဗက်စ်ကွက်က သူ့ခင်ပွန်းဟောင်းဖြစ်သူ နီကိုလက်စ် ပက်ထရိုသည် အဆိုပါ လှူဒါန်းငွေများကို ကြားဖြတ် ရယူခဲ့ပြီး ထိုအကြောင်းကို သမ္မတပက်ထရို၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က မသိခဲ့ကြောင်းလည်း ထုတ်ဖော် ပြော ကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 1309
CNI International News
နယူးဒေလီ ၊ သြဂုတ် ၃
အငြင်းပွားဖွယ် ဂျမူးနှင့် ကက်ရှ်မီးယား (Jammu and Kashmir) ဒေသအား နိုင်ငံအဖြစ် အသိအမှတ်ပြုမှုကို ပယ်ဖျက်ခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်ကို တရားရေးအရ စိန်ခေါ်ထားသော အသနားခံစာ အများအပြားကို အိန္ဒိယ၏ ထိပ်သီးတရားရုံးက သြဂုတ် ၂ ရက်တွင် စတင်စစ်ဆေး ကြားနာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
၂၀၁၉ ခုနှစ်က ဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ အစိုးရအဖွဲ့သည် ဂျမူးနှင့် ကက်ရှ်မီးယား၏ အထူးအခွင့်အရေးကို ပယ်ဖျက်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
တရားရုံးချုပ်မှ တရားသူကြီးချုပ် အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားသူကြီး ငါးဦးသည် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယ လွတ်လပ်ရေးရခဲ့ပြီးနောက် ဂျမူးနှင့် ကက်ရှ်မီးယား၏ တည်ရှိမှု အခြေအနေကို စိန်ခေါ်သည့် အသနားခံစာ အများအပြားကို တစ်ပြိင်နက်တည်း စစ်ဆေးကြားနာခဲ့သည်။

မိုဒီကို တွေ့ရစဉ်
ထိုအသနားခံစာများသည် ၂၀၁၉ ခုနှစ် အပြောင်းအလဲ မတိုင်မီက တင်ခဲ့သည့် အသနားခံစာများ ဖြစ်သည်။
အိန္ဒိယအစိုးရသည် လာဒက်ခ် (Ladakh) နှင့် ဂျမူး-ကက်ရှ်မီးယားဟူ၍ ဖက်ဒရယ်နယ်နိမိတ် နှစ်ခုအဖြစ်သို့ အံ့အားသင့်ဖွယ် ခွဲခြားခဲ့ပြီး ယင်းနယ်နိမိတ် နှစ်ခုလုံးကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် မပေးတော့ဘဲ ဗဟိုအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်သို့ ပြောင်းလဲထားရှိခဲ့သည်။
ထိုပြောင်းလဲမှုသည် မွတ်ဆလင် အများစုနေထိုင်သည့် ဂျမူး-ကက်ရှ်မီးယားဒေသကို ဂယက်ရိုက်ခတ်သွားခဲ့ပြီး လက်ရှိ ထိုဒေသတွင် ဒီမိုကရေစီ အလားအလာမရှိဘဲ ကိုယ်ပိုင်အလံနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း ဆုံးရှုံးခဲ့ကာ ဗျူရိုကရက်များ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့သည်။
"ဒီအမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားသူကြီးတွေက စစ်ဆေးနေပါတယ်။ ကျနော်တို့ရဲ့ လျှောက်ထား ချက်တွေဟာ အရမ်းခိုင်မာတာကြောင့် သတင်းကောင်း ကြားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု မိုဒီ အစိုးရအဖွဲ့ ၏ ဆုံးဖြတ်ချက်ကို စိန်ခေါ်သည့် ပထမဆုံး အသနားခံစာ တင်သွင်းသူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် ကက်ရှ်မီးယားအခြေစိုက် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဟက်စ်နာအင် မာဆူဒီက ပြောကြားခဲ့သည်။

ကက်ရှ်မီးယားဒေသမှာ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်
မာဆူဒီသည် ကက်ရှ်မီးယား အထက် တရားရုံးတွင်လည်း တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ကက်ရှ်မီးယား၏ အကြီးဆုံး နိုင်ငံရေးပါတီဖြစ်သည့် National Conference ပါတီဝင် တစ်ဦးဖြစ်သူ မာဆူဒီက ၂၀၁၉ ဆုံးဖြတ်ချက်သည် အိန္ဒိယ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် စံသတ်မှတ်ချက်များ၊ လုပ်ထုံး လုပ်နည်းများအားလုံးကို ချိုးဖောက်ခဲ့သည်ဟု ပြောသည်။
ကက်ရှ်မီးယား ဒေသခံ အများစုသည် ပါကစ္စတန်၏ အုပ်ချုပ်မှုအောက်တွင် နေထိုင်ရန် သို့မဟုတ် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ထူထောင်ရန် ဆန္ဒရှိနေကြသည်။
Source: အေပီ
- By CNI
- Category: နိုင်ငံရေး
- Hits: 872
CNI International News
ဘန်ကောက်၊ သြဂုတ် ၃
ထိုင်းရွေးကောက်ပွဲတွင် ဒုတိယမဲအများဆုံး ရရှိခဲ့သည့် ဖြူးထိုင်းပါတီသည် ရွေးကောက်ပွဲအနိုင်ရ Move Forward (MFP) ပါတီအား ချန်လှပ်ပြီး ကိုယ်ပိုင် ညွန့်ပေါင်းအစိုးရ တစ်ရပ်ကို ဖွဲ့စည်းသွားမည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြ ခဲ့သည်။
ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန် သီရိကော (cholnan srikaew)က သြဂုတ် ၂ ရက် မွန်းလွဲပိုင်းတွင် ကြေညာ ချက် ထုတ်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖြူးထိုင်းနှင့် MFP သည် အစိုးရဖွဲ့ရန် ကြိုးပမ်းမှုအဖြစ် MFP က ဖွဲ့စည်းခဲ့သည့် (၈)ပါတီ ညွန့်ပေါင်းအဖွဲ့ထဲတွင် အကြီးဆုံးပါတီများ ဖြစ်သည်။
MFP သည် အောက်လွှတ်တော်နေရာ ၁၅၁ နေရာကို ရရှိခဲ့ပြီး၊ ဖြူးထိုင်းသည် နေရာ ၁၄၁ နေရာရရှိခဲ့သည်။ သို့သော် နေရာ ၅၀၀ ရှိသည့် အောက်လွှတ်တော်တွင် MFP နှင့် ဖြူးထိုင်းပါတီ နှစ်ခုပေါင်းမှ ၃၂၁ နေရာသာ ရရှိထားသည်။

၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်
MFP သည် ပါတီခေါင်းဆောင်ဖြစ်သည့် ပီတာလင်ဂျာရိုရတ် (Pita Limjaroenrat) ကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့သော်လည်း အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်ပေါင်း၏ လိုအပ်သည့် မဲအရေအတွက် မရခဲ့ဘဲ အစိုးရဖွဲ့နိုင်ခဲ့ခြင်း မရှိပေ။
ထို့နောက် MFP သည် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးအတွက် ဖြူးထိုင်းပါတီကို ဦးဆောင်ခွင့် ပြုခဲ့သည်။
အထက်လွှတ်တော် အမတ်များနှင့် အခြားပါတီများမှ ရွေးကောက်ခံ အမတ်များသည် တော်ဝင်မိသားစုအား အကာအကွယ်ပေးထားသည့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၁၂ ကို ပြောင်းလဲလိုသည့် MFP ၏ ရပ်တည်ချက်ကို ဆန့်ကျင်ခဲ့ကြသည်။
MFP သည် လွှတ်တော်၏ လုံလောက်သည့် ထောက်ခံမှုကို မရရှိခဲ့သဖြင့် (၈) ပါတီ ညွန့်ပေါင်းအဖွဲ့သည် အခြားပါတီများ၊ အထက်လွှတ်တော် အမတ်များထံမှ ထောက်ခံမှုများကို ရရှိစေရန် ဖြူးထိုင်းပါတီအား တာဝန် ပေးခဲ့သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် အစိုးရဖွဲ့နိုင်မည်ဖြစ်ကြောင်း ဖြူးထိုင်းပါတီ ခေါင်းဆောင်က သြဂုတ် ၂ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"သူတို့ (ညွန့်ပေါင်းမဟာမိတ်ပါတီများ) ကလည်း ဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်မှာကို လက်မခံပါဘူး။ တစ်ချို့ ပါတီတွေဆိုရင် MFP ပါရင် အစိုးရအဖွဲ့ထဲ မဝင်ဘူးဆိုပြီးတော့တောင် ပြောတာမျိုးတွေ ရှိခဲ့ပါတယ်" ဟု ဒေါက်တာ ချိုနန်က ပြောသည်။

ဖြူးထိုင်းပါတီက ၀န်ကြီးချုပ်လောင်း ဆရတ်သာသာဗီဆင်ကို တွေ့ရစဉ်
ထို့ကြောင့် သြဂုတ် ၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ဖြူးထိုင်းပါတီသည် MFP ကို (၈) ပါတီ ညွန့်ပေါင်းအဖွဲ့ထဲမှ ချန်လှပ်ကြောင်းနှင့် မိမိတို့၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းအဖြစ် ဆရတ်သာ သာဗီဆင် (Srettha Thavisin) ကို အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ဖြူးထိုင်းနဲ့ မစ္စတာ ဆရတ်သာဟာ ဥပဒေပုဒ်မ ၁၁၂ ကို ဒီအတိုင်း ဆက်လက်ထားရှိမှာပါ။ ညွန့်ပေါင်း အစိုးရ အဖွဲ့သစ်မှာ Move Forward ပါတီ ပါဝင်မှာ မဟုတ်ပါဘူး" ဟု ဒေါက်တာချိုနန်က ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: နိုင်ငံရေး
- Hits: 1083
CNI International News
ကိယက်ဗ်၊ သြဂုတ် ၃
ရိုမေးနီးယားမှ ဖြတ်သန်းစီးဆင်းလာသည့် ဒါနူဘီ (Danube) မြစ်ကမ်းပေါ်ရှိ ယူကရိန်း၏ အဓိက ကုန်းတွင်းပိုင်း ဆိပ်ကမ်းကို သြဂုတ် ၂ ရက်တွင် ရုရှားက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ အစားအစာ ဈေးနှုန်းများ ပိုမိုမြင့်တက်လာခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုများကြောင့် အစ်ဇ်မေးလ် (Izmail) ဆိပ်ကမ်းရှိ အဆောက်အအုံများ ပျက်စီးသွားခဲ့သလို ယူကရိန်း ၏ ဂျုံများကို တင်ဆောင်ရန် အဆိုပါဆိပ်ကမ်းသို့ ရောက်ရှိလာမည့် သင်္ဘောလမ်းကြောင်းများလည်း ရပ်တန့်သွား ခဲ့သည်။
ဒါဇင်နှင့်ချီသည့် နိုင်ငံတကာ သင်္ဘောများသည် ဒါနူဘီမြစ်ဝတွင် ရပ်တန့်နေခြင်း သို့မဟုတ် ကျောက်ချရပ်နား ထားခြင်းတို့ကို တွေ့ရှိရကြောင်း ကုန်ကူးသင်္ဘောများ ခြေရာခံ မှတ်တမ်းတွင် ဖော်ပြထားသည်။
သင်္ဘောအများစုသည် ရုရှား၏ ပိတ်ဆို့မှုကို ဖီဆန်ပြီး ပယ်လယ်နက်မှတစ်ဆင့် အစ်ဇ်မေးလ် ဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မှတ်ပုံတင်ထားသည့် သင်္ဘောများ ဖြစ်သည်။

ဂျုံများကိုတွေ့ရစဉ်
ဇူလိုင်လလယ်က ယူကရိန်း၏ ပင်လယ်နက် ဆိပ်ကမ်းများကို ရုရှားက ပိတ်ဆို့ခဲ့ပြီးကတည်းက နေတိုးအဖွဲ့ဝင် ရိုမေးနီးယားနိုင်ငံမှ ဖြတ်သန်းစီးဆင်းလာသည့် ဒါနူဘီမြစ်၏ အဆိုပါဆိပ်ကမ်းသည် ယူကရိန်း၏ ဂျုံတင်ပို့ ရောင်းချမှုအတွက် အဓိက လမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။
ယူကရိန်းအာဏာပိုင်များက ထုတ်ပြန်သည့် ဗွီဒီယိုထဲတွင် မီးသတ်သမားများသည် မီးလောင်နေသည့် အထပ်မြင့် အဆောက်အအုံအား မီးငြှိမ်းသတ်နေပုံကို ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး သတင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိကြောင်း အိုဒက်ဆာ (Odessa) ပြည်နယ် အုပ်ချုပ်ရေးမှူး အိုလက် ကစ်ပါ (Oleh Kiper)က Telegram တွင် ရေးသားဖော်ပြခဲ့သည်။

ဇာလန်းစကီးကိုတွေ့ရစဉ်
" ရုရှား အကြမ်းဖက်သမားတွေဟာ ဆိပ်ကမ်းတွေ၊ ဂျုံတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ လုံခြုံရေးကို နောက် တစ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်"ဟု ယူကရိန်းသမ္မတ ဇာလန်စကီး(Volodymyr Zelenskiy) က ပြောသည်။
ကမ္ဘာ့ထိပ်သီး စားနပ်ရိက္ခာတင်ပို့သည့် နိုင်ငံများထဲတွင် ပါဝင်သော ယူကရိန်း၏ ဆိပ်ကမ်းတွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့မှုကို ထိခိုက်စေနိုင်သည့် စိုးရိမ်မှုများကြောင့် ချီကာဂို ဂျုံဈေးသည် ၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကာ ဂျုံ (၈)ဂါလံဝင်ပုံး တစ်ပုံးကို ၆ ဒသမ ၆၀ ဒေါ်လာအထိ ရှိခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 783
CNI International News
ပေကျင်း ၊ သြဂုတ် ၁
ချင်ဂန်း (Qin Gang) ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ထုတ်ပယ်ရန် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့ သည့် တရုတ်၏ထိပ်သီး ဥပဒေပြု ညီလာခံအပြီး နာရီပိုင်းအကြာတွင် အသက် ၅၇ နှစ်အရွယ် ချင်၏ ဓာတ်ပုံများ နှင့် အကြောင်းအရာများသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ကနေ ဖျက်ချခံခဲ့ရသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ချင်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဝန်ကြီးဟောင်းများ စာရင်းတွင် မပါဝင်ခဲ့ဘဲ ချင်၏အမည်ကို ရှာဖွေရာတွင်လည်း မတွေ့ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လက်တွေ့တွင်လည်း ချင်သည် ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ တစ်လကျော် ကြာမြင့်နေပြီ ဖြစ် သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုချုံး ရှင်းလင်းတင်ပြချက်တွင် ချင်၏ ပျောက်ကွယ်နေမှုမှာ ကျန်းမာရေး အခြေအနေကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန်တာ၀န်ယူတဲ့ ဝမ်ယိကို တွေ့ရစဉ်
နောက်ပိုင်းတွင်မူ တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) ကို ထောက်ခံသူဖြစ်သည့် ချင်၏ ကံကြမ္မာနှင့် ပတ်သက် ပြီး ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သည်။
ချင်၏ နေရာကို ယခင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိ (Wang Yi) ဖြင့် အစားထိုးခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီး ရာထူးနေရာ အပြောင်းအလဲနှင့်ပတ်သက်ပြီး အသေးစိတ် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
ဇူလိုင် ၂၇ ရက်တွင်မူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မောင်းနင်း (Mao Ning) က အစိုးရအနေနှင့် ချင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ထုတ်ပြန်မည်ဟု ပြောကြားခဲ့သလို ချင်နှင့် ပတ်သက်ပြီး မဟုတ်မမှန် ထင်ကြေးပေးမှုများကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
Source: ရိုက်တာ
- By CNI
- Category: နိုင်ငံရေး
- Hits: 1141
CNI International News
နီယာမေ ၊ သြဂုတ် ၂
နိုက်ဂျာတွင် နိုင်ငံရေးအကျပ်အတည်း ပိုမိုဆိုးရွားလာချိန်တွင် ပြင်သစ်က နိုက်ဂျာနိုင်ငံအတွင်းရှိ ၎င်း၏နိုင်ငံသား များနှင့် အခြားဥရောပနိုင်ငံသားများကို ဘေးလွှတ်ရာရွှေ့ပြောင်းပေးနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။
နိုက်ဂျာမှ ရွှေ့ပြောင်းမည့်် ဥရောပနိုင်ငံသားများအနေဖြင့် လူတစ်ယောက်လျှင် အိတ်တစ်လုံးသာ သယ်ဆောင်ရန် အကြံပြုထားသည်ဟုလည်း ပြင်သစ်အစိုးရက ပြောကြားခဲ့သည်။
အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့သည့် အခြား အနောက်အာဖရိက နိုင်ငံများကမူ နိုက်ဂျာစစ်အာဏာသိမ်း ခေါင်းဆောင်များကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
နီယာမေမြို့တော်ရှိ ပြင်သစ်သံရုံးအား ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများကြောင့် နိုက်ဂျာရှိ ပြင်သစ်နှင့် ဥရောပနိုင်ငံသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းမှု ထောက်ခံနေကြစဉ်
နိုက်ဂျာတွင် လေပိုင်နက်ကို ပိတ်ပင်ထားမှုကြောင့် မိမိတို့နိုင်ငံသားများသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နိုင်ငံအတွင်းမှ မထွက်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က နိုက်ဂျာ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် သမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို ဆန့်ကျင်သည့် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီနောက် နိုက်ဂျာနိုင်ငံရေး အကျပ်အတည်း ပိုမို ဆိုးရွားလာခဲ့သည်။
ထို့နောက် ပြင်သစ်အစိုးရ၏ ရွှေ့ပြောင်းကယ်ဆယ်ရေး ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
နိုက်ဂျာမှ ထွက်ခွာလိုသည့် ပြင်သစ်နှင့် အခြား ဥရောပနိုင်ငံသားများအတွက် ရွှေ့ပြောင်း နေရာချထားရေးကို သြဂုတ် ၁ ရက်မှ စတင် လုပ်ဆောင်နေသည်ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ပြင်သစ်က နိုင်ငံသားတွေနဲ့ ဥရောပနိုင်ငံသားတွေကို ရွှေ့ပြောင်းပေးနေစဉ်
အနောက်အာဖရိကနိုင်ငံများ စီးပွားရေး အဖွဲ့အစည်း (ECOWAS) ကမူ ဇူလိုင် ၃၁ တွင် နိုက်ဂျာအား ခရီးသွားလာမှု နှင့် စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ကြောင်း ကြေညာခဲ့သလို သီတင်းတစ်ပတ်အတွင်း ဘာဇုမ်းကို အာဏာပြန် မအပ်ပါက အာဏာသိမ်း ခေါင်းဆောင်များကို အင်အားသုံး ဖြေရှင်းသွားမည်ဟု သတိပေးခဲ့သည်။
ဘာဇုမ်း၏ အစိုးရအဖွဲ့သည် အနောက်အာဖရိကရှိ အစွန်းရောက်များကို တိုက်ထုတ်ရာတွင် အနောက်နိုင်ငံများ၏ နောက်ဆုံး ကျန်ရှိနေသည့် ဒီမိုကရေစီ မိတ်ဖက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။
မာလီနှင့် ဘာကီနာဖာဆို စစ်အစိုးရများကမူ နိုက်ဂျာကို ဆန့်ကျင်သည့် စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများသည် မာလီနှင့် ဘာကီနာဖာဆိုကို စစ်ကြေညာခြင်းဖြစ်ကြောင်း သတ်မှတ်မည်ဟု ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး နိုက်ဂျာ စစ်အာဏာသိမ်း ခေါင်းဆောင်များကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်။
Source: အေပီ
